DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေး လူ ၁၀၀ ခန့် သထုံတွင် ဆန္ဒပြ
DVB
·
July 23, 2017
သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေး လူ ၁၀၀ ခန့် သထုံတွင် ဆန္ဒပြ
1 / 4
Donate to DVB

 

မွန်ပြည်နယ်၊ သထုံမြို့မှာ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ တရားဥပဒေစိုးမိုးမှု ရရှိစေရေးတို့အတွက် လူအင်အား ၁၀၀ လောက် ဇူလိုင် ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်က ငြိမ်းချမ်းစွာချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ကိုနေဝင်းထွန်းက “သထုံမှာ ကျေးရွာတချို့က လယ်ယာမြေတွေကို ၁၉၉၇ ဝန်းကျင်လောက်ကတည်းက စက်မှု ၂ ရယ်၊ ၅၀၂ အမြှောက်တပ်ရယ်သိမ်းထားကြတာ။ သိမ်းထားတဲ့မြေတွေ ပြန်စွန့်လွှတ်တယ်လို့ သိရတယ်။ ဒါပေမယ့် မူလအသိမ်းခံထားရ သူရဲ့ လက်ထဲမရောက်သေးဘူး။ မြေယာကိစ္စနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုတွေ အငြင်းပွားတဲ့နေရာတွေမှာ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ ဒုရဲအုပ်လွှမ်းအောင်၊ သထုံမြို့နယ်တရားရုံးက ဒုမြို့နယ်တရားသူကြီး ဒေါ်စုမြတ်မွန်၊ မြို့နယ်လယ်စစ်ကော်မတီတွေက ဘက်လိုက်မှုတွေ ရှိနေတယ်။ ဒါတွေကို စိစစ်အရေးယူပေးဖို့ တောင်းဆိုတယ်။ သိမ်းဆည်းခံထားရတဲ့ မြေယာတွေ ပြန်ရဖို့ အကြိမ်ကြိမ်အခါခါစာတင်တယ်။ တင်ပြတာတွေရှိတယ်။ အရင်အစိုးရလက်ထက်ကော ခုအစိုးရလက်ထက်ကော ဆောင်ရွက်ပေးတာ မရှိဘူး။ လယ်စစ်ကော်မတီတွေက အထောက်အထားရှိမှ ပြန်ရမယ်လို့ပြောတယ်။ အဲဒီနေရာတွေက ယခင်က အမဲရောင်နယ်မြေ တွေ ပိုင်ဆိုင်မှုအရဆိုရင် စာချုပ်စာတမ်းတွေ ပြေစာတွေရှိဖို့လုပ်ဖို့ဆိုတာလဲ ဘယ်သူမှ မသိခဲ့ကြဘူး။ ဒီအတိုင်းသတ်မှတ်နေလာကြတာ။ အရင်အချိန်တုန်းက ကျေးရွာလူကြီးတွေ လောက်ပဲ အသိသက်သေရှိတာ။ အကြောင်းအမျိုးမျိုးပြခံနေရတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးမှုဟာ သထုံမှာမရှိသလိုဖြစ်နေလို့ တရားဥပဒေစိုးမိုးမှုရှိဖို့ တောင်းဆိုရတာပါ” လို့ပြောပါတယ်။

ဆန္ဒပြပွဲကို သထုံမြို့နယ်အတွင်းရှိ အနန်းပင်၊ အင်းကွဲ၊ ညောင်ချောင်း၊ မြစံ၊ ပအိုဝ်းစု၊ မြေနီကုန်း စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀ နီးပါးလောက်ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး တောင်းဆိုချက် တွေကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပါက နောက်တကြိမ် ထပ်မံ ဆန္ဒပြတာနဲ့သပိတ်စခန်းတွေ ဖွင့်လှစ်တောင်းဆိုတာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဦးဆောင်ပြုလုပ်သူတွေက ပြောပါတယ်။

ဆန္ဒပြရာမှာ သိမ်းဆည်း လယ်ယာပြန်လည်ရရှိရေး(ဒို့အရေး)၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြည်သူများနစ်နာမှုမရှိရေး စုံစမ်းရေးကော်မရှင်မှ အမြန်ဆုံးဖြေရှင်းပေးရေး (ဒို့အရေး)၊ ဥပဒေ နှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းမပြုသော ဒုတိယမြို့နယ်တရားသူကြီး ဒေါ်စုမြတ်မွန် (အလိုမရှိ)၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသော ဒုရဲအုပ်မောင်လွင်အား အရေးယူ ပေးရေး (ဒို့အရေး)၊ သထုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အား ထိရောက်စွာ အရေးယူပေးရေး(ဒို့အရေး)၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန အကျင့်ပျက်မှုများအား အရေးယူပေးရေး(ဒို့အရေး) စတဲ့ ကြွေးကြော်သံ တွေကို ကြွေးကြော်ပြီး ဆိုင်းဘုတ်တွေကိုင်ဆောင် ချီတက်လမ်းလျှောက်ခဲ့ကြ တာပါ။

သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံးရှေ့မှစတင်ကာ ရန်ကုန် ဘားအံလမ်းမကြီး အတိုင်းမှ နတ်စင်လမ်းမှ အောက်ကျင်းရပ်ကွက်၊ ရွှေစာရံဘုရားရှေ့ ရုပ်သေးကုန်းအထိ ချီတက်လမ်းလျောက်ကာ ရုပ်သေးကုန်းရှေ့မှာ စုရုံးဟောပြောကာ ဆန္ဒပြခဲ့ပြီး ဆန္ဒပြပွဲကို ရပ်နားခဲ့ကြပါတယ်။

သတင်း=ယူမင်းစိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013