
စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေဟာ ဩဂုတ်လ ပထမပတ်ကစလို့ ရေကြီးမှုဒဏ်ကို နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးခံစားခဲ့ကြရပါတယ်။
အခုလို စစ်ဘေးဒဏ်အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးဒုက္ခတွေကိုပါ ထပ်ဆင့် ခံစားခဲ့ကြရတဲ့ စစ်ကိုင်းက အမျိုးသမီးတွေဟာ စိတ်ဒဏ်ရာ ပြင်းထန်စွာ ခံစားနေကြရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က စစ်အာဏာရှင်လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူရဲ့ ကြိုတင်အကြောင်းမကြားဘဲ သဖန်းဆိပ်ဆည်နဲ့ ကာဘိုးဆည်ရေ ဖောက်ချမှုကြောင့် ပြည်သူသန်းနဲ့ချီ ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။
တဖက်မှာလည်း စစ်ကိုင်းဟာ စစ်ရေးပြင်းထန်နေတဲ့ နယ်မြေဖြစ်ပြီး ရေဘေးဒုက္ခကိုပါ ထပ်မံ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
စစ်ရေးပြင်းထန်တာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ ရေဘေးကိုပါ ထပ်မံခံစားခဲ့ ရချိန်မှာ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားနေကြရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်ထဲက ဇီးဖြူကုန်းရွာမှာ စစ်ကြောင်းထိုးလို့ အိမ်မီးရှို့ခံခဲ့ရတဲ့ မခိုင်ဇင်ဟာ သူ စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်စခန်းမှာလည်း သဖန်းဆိပ်ဆည် ရေလွှတ်လိုက်လို့ ရေဘေးဒုက္ခ ကိုပါ ထပ်ပြီးခံစားခဲ့ရပါတယ်။ စစ်ဘေးရော ရေဘေးပါ ဒုက္ခတွေကို နှစ်ထပ်ကွမ်း ခံစားခဲ့ရတာ ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။
“ရေဘေးသတိကို ကြေညာလိုက်တယ်၊ ရွာလူကြီးကတဆင့် ကြေညာလိုက်တယ်။ ကြေညာပြီးတော့ ကိုယ့်ပါတဲ့ ပစ္စည်းတွေရော လူပေးသူပေး ပေးထားတဲ့ အထုပ်ကလေးတွေရော၊ ခေါင်လေးတွေပေါ် အတင်းတင်၊ ရေက တဖြည်းဖြည်းချင်း ရောက်လာတော့ တအားလန့်သွားတာ၊ တခါမှလည်း မကြုံဖူးဘူး၊ ရေတွေက ရောက်လာပြီ ရောက်လာပြီ ကလေးတွေကလည်း လန့်တာလေ တခါမှ မကြုံဖူးတော့။ မကြောက်နဲ့ အမေရှိတယ်၊ ရှိတယ်ဆိုပြီးတော့ ကိုယ်က လွတ်တဲ့နေရာ ဘုန်းကြီးကျောင်းကို သွားထားရတာ သူတို့ကို။ စစ်ဘေးဒဏ် ရေဒဏ်ရော ၂ မျိုးလုံးခံရတော့ ကျမတို့ ပြည်သူတွေက ပိုပြီး စိတ်ဆင်းရဲတွေ ကိုယ်ဆင်းရဲတွေ ဖြစ်တာ။ အိပ်မပျော်တဲ့ ညတွေ အများကြီးပဲ။ အိပ်ရေးပျက်တဲ့ ညတွေလည်း အများကြီးပဲ။”
ဝက်လက်မြို့၊ နဘဲလှရွာက မမြင့်ကလည်း စစ်ဘေးရှောင်ရင်း ရေဘေးကိုပါ ထပ်ဆင့် ကြုံရတဲ့အခါ မအိပ်နိုင် မစားနိုင် ဖြစ်နေရတယ်လို့ ပြောပါတယ်ေေ
“မအိပ်နိုင်မစားနိုင်ပေါ့။ သူများရွာသွားနေရတာလေ၊ ကိုယ့်အိမ်က တခြားမှာ။ အဲ့လို ဖြစ်နေတာ ပေါ့။”
Women for Justice ရဲ့ အစီရင်ခံစာ အချက်အလက်တွေအရ ရေဘေးသင့်သူတွေအနက် ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။
ဒီလိုရေဘေးဒဏ်ကြောင့် ဒုက္ခရောက်နေချိန်မှာတောင် စစ်အာဏာရှင်အစိုးရက ဒေသ ၁၁ ခုကို လေကြောင်းကနေ ၂၃၉ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သား ၈၈ ယောက် သေဆုံးခဲ့ရပြီး ရေဘေးအဆိုးဆုံး ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာပါ လူပေါင်း ၃၇ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ရေဘေးနဲ့ လေကြောင်းရန် ပူးတွဲကြုံနေရချိန်မှာ အမျိုးသားတွေ သေဆုံးတာ ဒါမှမဟုတ် ဝေးကွာနေတာတွေကြောင့် အမျိုးသမီးတွေဟာ မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ တာဝန်တွေကို တဦးတည်း ဦးဆောင် ထမ်းပိုးရတာကြောင့် စိတ်ဒဏ်ရာ ပြင်းထန်စွာ ခံစားနေကြရတယ်လို့ Women for Justice ရဲ့ အစီရင်ခံစာ အချက်အလက်တွေအရ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စိတ်ကျန်းမာရေးဆိုတာ ပြည့်စုံတဲ့ သုခအခြေအနေတခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စိတ်ကျန်းမာရေးကဏ္ဍဟာ လက်ရှိမှာ နိုင်ငံတကာ ကျန်းမာရေးအကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းအောက်ပဲ ရရှိနေသလို၊ ရာသီဥတုဆိုင်ရာ ကျန်းမာရေး ပြင်ဆင်မှုတွေအတွက်လည်း ၀ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲနေရတာမို့ ကဏ္ဍစုံ ပေါင်းစပ်ဆောင်ရွက်ဖို့ အရေးပေါ် လိုအပ်နေပါတယ်။
ရာသီဥတုဘေးနဲ့ ပဋိပက္ခကြား ခါးစည်းခံနေရတဲ့ အမျိုးသမီးတွေကို ကူညီရာမှာ MHPSS လို့ခေါ်တဲ့ စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေကို အရေးပေါ် လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းပေးဖို့ Women for Justice အမျိုးသမီးအဖွဲ့ တာဝန်ရှိသူ DRose က တောင်းဆိုပါတယ်။
"ရာသီဥတုပြောင်းလဲမှုနဲ့ ပဋိပက္ခ တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေး နဲ့ လုံခြုံရေးကို ကယ်ဆယ်ရေးပြီးမှ လုပ်ရမဲ့ နောက်ဆက်တွဲအလုပ်လို့ မသတ်မှတ်ဘဲ အရေးပေါ် လုပ်ငန်းစဉ်တွေရဲ့ ရှေ့တန်းမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါမယ်။ ထမင်းကျွေးရုံနဲ့ စိတ်ဒဏ်ရာ မပျောက်နိုင်သလို၊ စိတ်ပိုင်းဆိုင်ရာ ကုစားမှုဟာလည်း ဗိုက်ဆာနေရင် မထိရောက်နိုင်တာကြောင့် နှစ်ခုစလုံးကို တပြိုင်တည်း တွဲလုပ်ရပါမယ်"
မြန်မာနိုင်ငံ အထက်ပိုင်းအပါအဝင် ဒေသအတော်များများမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၆ သိန်းကျော်အထိ ရေဘေးသင့်ခဲ့ရသလို၊ အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာရေး နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source:Reuters











