
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာဘောင် ကျိုးတာ ၄ ရက်မြောက်နေ့အထိ ရေမကျသေးဘဲ ဟင်္သာတ၊ ကျုံပျော်နဲ့ ရေကြည်မြို့နယ်တွေအထိပါ ရေတက်လာနေလို့ ဒေသခံတွေ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။
ဇူလိုင် ၃၀ ရက် ညပိုင်းက လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးမှာ ရှိတဲ့ ငဝန်မြစ်ရေကာတာဘောင် ကျိုးပေါက်ခဲ့တာ ဖြစ်ပါတယ်။
လေးမျက်နှာမြို့ရဲ့ အလယ်ဗဟိုကို ဖြတ်ပြီးစီးဆင်းနေတဲ့ ငဝန်မြစ် ရေကာတာကျိုးမှုကြောင့် ဒီနေ့ ဩဂုတ် ၃ ရက်အထိ ရေမကျသေးဘဲ လူပေါင်း သောင်းနဲ့ချီ ရေဘေးသင့်နေတာ ဖြစ်ပါတယ်။
တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်က ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၄ ရွာက အိမ်ခြေ ၃,၁၅၈ လုံး ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၁၄,၀၅၆ ယောက် ရေဘေးသင့်နေတယ်လို့ စစ်အာဏာရှင်သမ္မတရုံး ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးက ဩဂုတ် ၂ ရက် ညမှာ ထုတ်ပြန်ပါတယ်။
ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ ရေဘေးဧရိယာဟာ လေးမျက်နှာမြို့နယ်တင်မကတော့ဘဲ ထိစပ်နေတဲ့ ကျုံပျော်၊ ဟင်္သာတနဲ့ ရေကြည်မြို့နယ်တွေအထိ ဆက်လက်တိုးလာနေတာလို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၃ ရက် မနက်ပိုင်းမှာပဲ အိုင်သပြု-ငါးသိုင်းချောင်း လမ်းမကြီးပေါ်မှာရှိတဲ့ ကရင်လက်သမားတံတားပါ ကျိုးကျသွားပြီလို့ ကျုံပျော်ဒေသခံက DVB ကို အတည်ပြုပါတယ်။
ကျုံပျော် ဒေသခံက “ရေကြီးတာက လေးမျက်နှာကနေ စကြီးတယ်လို့ ဆိုသည့်တိုင်အောင် အခုဟာက ဧရိယာက တော်တော်ကျယ်သွားတာပေါ့လေ။ အခုနောက်ဆုံးအခြေအနေက လေးမျက်နှာနဲ့ အိုင်သပြုကြားထဲမှာ လုံးဝကို အခြေအနေဆိုးပြီးတော့ လမ်းပိုင်းတွေ ပျက်စီးတာ ရှိတယ်။ ဒီ ဟင်္သာတ-ပုသိမ် လမ်းပေါ့လေ၊ အဲဒီလမ်းက အိုင်သပြုမှာ ရေကျော်ပြီးတော့ အဲဒီလမ်းပိုင်းလည်း ပြတ်တောက်သွားပြီ။ အဆိုးဆုံးဖြစ်နေတာက လေးမျက်နှာနဲ့ အိုင်သပြုတကြောပေါ့၊ အဲဒီမှာ ရွာတော်တော်များများ ရေဝင်နေတာ” လို့ ပြောပါတယ်။
ဒေသခံတွေ ပြောပြချက်အရ လက်ရှိ ဟင်္သာတမြို့နယ်ထဲက လဟာပရွာ၊ ကျုံပျော်ထဲက တလုပ်ကုန်းနဲ့ ဒိုက်ပျက်ကျေးရွာ၊ ရေကြည်မြို့နယ်ထဲက ကညင်ဂွနဲ့ ဇရပ်လှရွာတွေအထိ ရေရောက်လာနေပြီမို့ ပြောင်းဖို့ ပြင်ဆင်နေကြပြီး ရေလွှမ်းတဲ့ဒဏ် အဆိုးရွားဆုံးခံနေရတဲ့ အိုင်သပြုဘက်မှာ အကူအညီတွေ ရောက်မလာလို့ သောက်ရေနဲ့ အစားအစာပိုင်းကို လာကူညီပေးဖို့ အကူအညီ တောင်းခံနေကြပါတယ်။
လေးမျက်နှာဘက်က စီးကျလာတဲ့ ရေစီးကြောင်းဟာ အိုင်သပြု မန်းချောင်းရပ်ကွက်တည့်တည့် ဖြတ်စီးလာပြီး ရေစီးကြမ်းကာ လှေနဲ့ သွားလို့မရတဲ့အတွက် ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေ သွားဖို့ အခက်တွေ့နေကြတာပါ။
ကယ်ဆယ်ရေးလုပ်နေသူတယောက်က “အိုင်သပြုထဲမှာ မန်းကျောင်းရပ်ကွက်က အဆိုးဆုံး ခံနေရတာလို့ ပြောလို့ရတယ်။ အခုထိ ကယ်ထုတ်နေရတုန်းပဲ။ ရေစီးကြမ်းတော့ တချို့ လှေနဲ့ မသွားနိုင်တဲ့ နေရာတွေမှာ ပိတ်မိနေတဲ့သူတွေ ရှိသေးတယ်။ အနိမ့်ပိုင်းကသူတွေတော့ ရွှေ့တာက ရွှေ့ပြီးနေပြီ။ ရွာခံတွေကော စစ်ရှောင်တွေကော လိုနေတာတွေက အများကြီးပဲ။ ဘယ်ကစပြောရမှန်းတောင် မသိဘူး။ မြွေဆိပ်ဖြေဆေးပါ လိုနေပြီ။ မြွေတွေ တက်လာတာ အများကြီးပဲ” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ရေမကျသေးဘဲ ထပ်တက်လာနေတဲ့အတွက် လေးမျက်နှာမြို့နယ်ထဲက အထက်တန်းကျောင်းတွေ အပါအဝင် စာသင်ကျောင်း ၇၄ ကျောင်းကို ပိတ်ထားရသလို ကူညီကယ်ဆယ်ရေး လိုအပ်ချက်တွေကလည်း မြင့်တက်နေဆဲပါ။
စစ်တပ်ကတော့ ဝါဒဖြန့်ချန်နယ်တွေကနေတဆင့် ရေဘေးကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ဝါဒဖြန့်နေချိန် သြဂုတ် ၁ ရက် မနက်ပိုင်း ၅ နာရီကျော်လောက်မှာ လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၅၀ ကျော် စစ်ဘေးရှောင် အမျိုးသမီးတယောက်နဲ့ အသက် ၃၀ နဲ့ ၄၀ အရွယ် အမျိုးသား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။










