
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်လေကြောင်းလိုင်း ၂၇ လိုင်းကို ပိတ်ဆို့ အရေးယူ လိုက်ကြောင်း စက်တင်ဘာ ၈ ရက်မှာ ကြေညာခဲ့ပြီး အီရန်သမ္မတ မာဆွဒ် ပေဇက်ရှ်ကီယန် ကတော့ ကျူးကျော်သူတွေ နောင်တရသွားတဲ့အထိ ဆက်လက်ခုခံသွားမယ်လို့ ကတိပြု လိုက်ပါတယ်။
အီရန်ရဲ့ စီးပွားရေး လေကြောင်းလိုင်းတွေဟာ အီရန်အစိုးရရဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုတွေကို ကာလရှည်ကြာ ကူညီပေးခဲ့ပြီး အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ပုဂ္ဂလိက လေကြောင်းလိုင်းလို့ ဟန်ပြထားတဲ့ လေကြောင်းလိုင်းတွေကို လက်နက်ဝယ်ယူတာ၊ သယ်ယူပို့ဆောင်တာနဲ့ တပ်ဖွဲ့ဝင်တွေ ပို့ဆောင်ရာမှာ အသုံးပြုနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ အီရန်ရဲ့ မာဟန် လေကြောင်းလိုင်းကို ပထမဆုံး အရေးယူခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာတော့ မာဟန် လေကြောင်းလိုင်းရဲ့ အထွေထွေ အရောင်း ကိုယ်စားလှယ်လို့ ယူဆရတဲ့ ကုမ္ပဏီအများအပြားကို ပစ်မှတ်ထား အရေးယူခဲ့တာ ဖြစ်ပါတယ်။
အခုပိတ်ဆို့မှုဟာ အမေရိကန်ထုတ် လေယာဉ်တွေနဲ့ ထိလွယ်ရှလွယ် နည်းပညာတွေကို ရရှိဖို့ အီရန်က အားကိုးအားထားပြုနေရတဲ့ “လျှို့ဝှက်ကုမ္ပဏီတွေ၊ နိုင်ငံခြား အလယ်အလတ်ပွဲစားတွေနဲ့ လှည့်စားလမ်းကြောင်းတွေကိုပါ” ပစ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က လေကြောင်း ဖြတ်သန်းခွင့်တွေနဲ့ အမေရိကန်မဟုတ်တဲ့ လေကြောင်းလိုင်းတွေအနေနဲ့ အမေရိကန်ထုတ် ဒါမှမဟုတ် အမေရိကန် ထိန်းချုပ်ထားတဲ့ စီးပွားရေးလေယာဉ်တွေကို အီရန်ဆီ ပျံသန်းခွင့်ပြုထားတဲ့ ခွင့်ပြုချက်တွေကိုပါ ရုပ်သိမ်းလိုက်ပါတယ်။
တချိန်တည်းမှာပဲ အီရန်သမ္မတ မာဆွဒ် ပေဇက်ရှ်ကီယန်က အင်္ဂါနေ့မှာ လူမှုကွန်ရက်ပေါ် ရေးသားရာမှာ “ကျူးကျော်သူတွေ” နောင်တရတဲ့အထိ အီရန်အနေနဲ့ ကြံ့ကြံ့ခံပြီး ဆက်လက် ခုခံ သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်ဟာ စစ်ပွဲကို ဆန့်ကျင်တယ် ဆိုတာကိုလည်း သူက အဓိကထား ပြောကြားခဲ့ပါတယ်။
Source: Reuters











