
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းအသေးတစင်းနဲ့ ကင်းထောက်ပြီးတဲ့နောက် ဒရုန်းအကြီးနဲ့ လာရောက်ဗုံးကြဲလို့ တိုက်အိမ် ၂ လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “၁ နာရီခွဲဝန်းကျင်ပါ။ ဒရုန်းနဲ့ ၂ ခေါက်လာကြဲပြီး နေအိမ် ၂ လုံး ပျက်စီးတယ်။ ကျနော်တို့လည်း သိပ်နားမလည်တော့ဘူး။ ခုတလော ဖရူဆိုဘက်ကို ဒရုန်းတွေနဲ့ ကြဲတာ တော်တော်စိပ်စိပ်ပဲ ဖြစ်လာတယ်။ တိုက်ပွဲမရှိဘဲ လိုက်ကြဲနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်မှာလည်း ဖရူဆိုအရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူတယောက် ထိခိုက်မိပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ ရပါတယ်။
သြဂုတ် ၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၁၅ ရက်တို့မှာလည်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ် ၁ ယောက်သေဆုံးပြီး ထိခိုက်မိသူလည်းရှိသလို နေအိမ် ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။











