DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်သမ္မတ ကျမ်းကျိန်၊ လောင်စာဆီချွေတာကြရန်ပြော 
ဝေဝေ
·
April 10, 2026
Photo: Hluttaw Channel
Photo: Hluttaw Channel
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကနေ နှစ်စဉ် လောင်စာဆီ အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုးလောက် ဝယ်ယူတင်သွင်းနေရတဲ့အတွက် ပြည်သူတွေအနေနဲ့ လောင်စာဆီ ချွေတာသုံးစွဲကြဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၀ ရက် မနက်က နေပြည်တော်ရှိ စစ်အာဏာရှင်လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်  မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပြီး သူ့ကိုယ်သူ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့တဲ့ သမ္မတဖြစ်တယ်လို့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်၊ 

ကနဦးအဖွင့်မိန့်ခွန်းထဲမှာ အာဏာရှင်သမ္မတမင်းအောင်လှိုင်က “ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကျနော့်ကို နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒကိုလေးစားစွာနဲ့ နိုင်ငံတာဝန်ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ကျေပွန်စွာ ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်” လို့ ပြောပါတယ်၊ 

ဒါ့အပြင် ၂၀၂၀  ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အစိုးရကိုလည်း အလွန်ရုပ်ဆိုးအကျည်းတန်တဲ့ မဲမသမာမှုတွေပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီနဲ့ညီတဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲမဖြစ်ခဲ့တာလို့ ဝေဖန် ပြောဆိုခဲ့ပြီး မရိုးသားတဲ့နိုင်ငံရေးနဲ့ နိုင်ငံတော်အာဏာကို အတင်းအဓမ္မလုယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်သွား ပါတယ်။ 

အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ အရင်အစိုးရတွေ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပြင်ဆင်ဖို့ ဆွေးနွေးဆုံးဖြတ်ထားတဲ့ စစ်တပ်ရဲ့ ၂၀၀၈ အခြေခံဥပဒေပါ အချက် ၄၃ ချက်ကိုလည်း ပြင်ဆင်ဖို့နဲ့ ရှေ့ဆက်လုပ်ဆောင်မဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ကတိပေးပြောဆိုခဲ့ပါသေးတယ်။ 

NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးသဘောတူထားတဲ့ အချက်တွေကို လွှတ်တော်မှာ တင်သွင်းဆွေးနွေးသွားမယ်၊ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးပြန်ရအောင် လုပ်ဆောင်သွားမယ်၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးသွားမယ်လို့လည်း စစ်အာဏာရှင်သမ္မတက ပြောပါတယ်။

ဒီနေ့ စစ်အာဏာရှင်လွှတ်တော်မှာ နာယက အောင်လင်းဒွေးက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ အာဏာသုံးရပ်ကို ပြန်အပ်ပြီး စစ်ကော်မရှင်နဲ့ အစိုးရကို ဖျက်သိမ်းကြောင်းလည်း ကြေညာခဲ့ပါသေးတယ်။

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့အတူ ဒု-သမ္မတ ညိုစောနဲ့ နန်းနီနီအေးတို့ကလည်း လွှတ်တော် နာယကရှေ့မှောက်မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်သမ္မတ ရွေးချယ်ခန့်အပ် အတည်ပြုထားတဲ့ ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

ဒီနေ့ကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာသံရုံးတွေက သံတမန်တွေနဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ အပါအဝင်  အယောက် ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013