DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်းသပိတ်လှုပ်ရှားမှုတွင် သတိဖြင့်ပူးပေါင်းပါဝင်ရန် တိုက်တွန်း
DVB
·
June 16, 2026
Photo : DVB
Photo : DVB
Donate to DVB

ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် “နှင်းဆီလှုပ်ရှားမှု” လူထုကမ်ပိန်းကို ဇွန် ၁၉ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး စစ်အာဏာရှင်ရဲ့ စောင့်ကြည့်ဖမ်းဆီးမှု အန္တရာယ်တွေကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ ပါဝင်လှုပ်ရှားကြဖို့ တိုက်တွန်းနေကြပါတယ်။

နှင်းဆီလှုပ်ရှားမှုမှာ ပန်းသပိတ်ကို နှင်းဆီပန်းအပါအဝင် တခြားသောပန်းတွေ ပြည်သူတွေက ဘုရားပန်းတင်တာ ပန်ဆင်တာ အလှပန်းအိုးထိုးတာ အပြန်အလှန် ပန်းလက်ဆောင်ပေးကာ အွန်လိုင်းပေါ်မှာ ဓာတ်ပုံတင်ကာဖြစ်စေ၊ မြေပြင်လူထုလှုပ်ရှားမှုတွေနဲ့ဖြစ်စေ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင်မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းသပိတ်လှုပ်ရှားမှုကို တင်းကျပ်စောင့်ကြည့်ကာ ပြည်သူတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ဖို့ စစ်အာဏာရှင်ရဲ့ ညွှန်ကြားချက်တွေရှိကြောင်း အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်၊

စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူက “နှင်းဆီပန်းနဲ့ပတ်သက်ပြီးတော့ ဒီတော်လှန်ရေး အင်အားစုတွေ ဘက်ကနေ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ကြားတဲ့အတွက်ကို ကြာသပတေးနေ့ ကနေ စပြီးတော့ လုံခြုံရေးကို အထူးလုံခြုံရေးအနေနဲ့ သတ်မှတ်တယ်ပေါ့နော်။ ၁၉ ရက်နေ့မှာ လုံခြုံရေးတွေနဲ့ပတ်သက်ပြီး အရပ်ဝတ်တွေနဲ့ ဈေး၊ ဘုရား၊ ပြီးရင် လူစည်ကားတဲ့နေရာတွေ၊ ခုံးတံတားတွေ နေရာတွေမှာ အရပ်ဝတ်တွေနဲ့ လုံခြုံရေးတွေထားဖို့အတွက်ကို ညွှန်ကြားတယ်။ ပန်းနဲ့ပတ်သက်တာ တွေ့တယ်ဆိုတာနဲ့ကို လုံးဝ အစစ်အဆေး အမေးအမြန်း မရှိဘဲနဲ့ တခါတည်း ဖမ်းဖို့အတွက်ကို ညွှန်ကြားထားတယ်။ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး ဆိုတာအတွက်ကိုလည်း ပြောထားတယ်”လို့ ပြောပါတယ်။

နှင်းဆီလှုပ်ရှားမှု (Rose Movement – Rose of Hope) ဟာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံး လူထုလှုပ်ရှားမှုတရပ်ဖြစ်ပြီး  “Proof of Life” ကမ်ပိန်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ ဇွန် ၁၉ ရက်မှာတော့ ပြည်သူတွေအနေနဲ့ အွန်လိုင်းကဖြစ်စေ မြေပြင်မှာဖြစ်စေ သတိဝီရိယနဲ့ ပါဝင်လှုပ်ရှားကြဖို့ လှုပ်ရှားမှုကို ဦးဆောင်တဲ့ အရပ်ဖက် အဖွဲ့တွေက တိုက်တွန်းနှိုးဆော်နေကြပါတယ်၊

GSCB အတွင်းရေးမှူးအဖွဲ့ဝင်၊ CTUM/MLA  မှ  မဖောင်ရိုးက “ဒီလှုပ်ရှားမှုမှာ ပါဝင်မဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးကို ကျမတို့ လှုပ်ရှားမှုစီစဉ်ကတည်းက အဓိကထားပြီး ဦးစားပေးပြီး စဉ်းစားပါတယ်။ ပြည်သူတွေ လုံခြုံရေးက အဓိကကျပါတယ်။ ဆိုတော့ ပြည်သူတွေကနေပြီးတော့ ဘေးအန္တရာယ် ကင်းမဲ့ နည်းလမ်းမျိုးစုံကနေ ပြုလုပ်လို့ရပါတယ်။ ကျမတို့ လုံခြုံရေးအခြေအနေ၊ မိမိဒေသအခြေအနေ၊ ပြီးတော့ စစ်တပ်ရဲ့ စောင့်ကြည့်မှုတွေကို အထူး ဂရုပြုပြီးတော့မှ အိမ်ထဲကနေပြီးတော့ ဘုရားပန်းတင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘုရား ကပ်လှူတာပဲ ဖြစ်ဖြစ်ပေါ့နော်၊ ဒါမှမဟုတ် ပန်းပန်တာပဲဖြစ်ဖြစ်၊ ကျမတို့ လုံခြုံရေးကို အဓိကထားပြီး အသွင်ပြောင်းပြီး ပါဝင်ပေးဖို့အတွက်ပဲ လှုံ့ဆော်ချင်ပါတယ်ရှင့်။ စစ်အုပ်စု ကနေပြီးတော့ ဟန်ရေးပြနေတဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ပြည်သူတွေက လက်မခံဘူးဆိုတာကို ကမ္ဘာက သိဖို့ပေါ့နော်၊ ကျမတို့ ဒီအချိန်မှာ ပိုပြီးတော့ လှုပ်ရှားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

“နှင်းဆီလှုပ်ရှားမှု” ကနေ စစ်အာဏာရှင်တွေနဲ့ နိုင်ငံတကာကို ပေးပို့လိုတဲ့ သတင်းစကား ၃ ခုကိုလည်း ပူးပေါင်းလုပ်ဆောင်ကြတဲ့ အရပ်ဘက်အဖွဲ့တွေက ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်၊

အဲဒါတွေကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကို ချက်ချင်း လွှတ်ဖို့၊ အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းဖို့နဲ့ မြန်မာနိုင်ငံရဲ့ သမ္မတက ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ကြောင်းကို ထပ်မံအသိပေး ဖော်ပြထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013