
ကိုလံဘီယာနိုင်ငံက FARC သူပုန်အဖွဲ့ဟောင်းရဲ့ ခွဲထွက်အဖွဲ့မှ မူးယစ်မှောင်ခိုခေါင်းဆောင် တယောက်ကို အမေရိကန်ဆီ လွှဲပြောင်းပေးလိုက်ပြီလို့ သမ္မတ အာဘေလာဒို ဒီလာ အက်စ်ပရီယာ က စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
ဒါဟာ ကိုလံဘီယာ သမ္မတသစ် လက်ထက်မှာ တရားမဝင် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တယောက်ကို ပထမဆုံးအကြိမ် နိုင်ငံပြင်ပဆီ လွှဲပြောင်းပေးတာပါ။
သူ့အစိုးရလက်ထက်မှာ အခုထိ တရားခံလွှဲပြောင်းမှု ၉၄ ကြိမ် စီစဉ်ပေးခဲ့ပြီးပြီဖြစ်သလို နောက်ထပ် လည်း အများကြီး လွှဲပြောင်းပေးသွားဦးမယ်လို့ သမ္မတ အာဘေလာဒိုက ပြောပါတယ်။
ဒါ့အပြင် သူ့မတိုင်ခင် အစိုးရဟောင်းဟာ အဲဒီရာဇဝတ်သားတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တာကြောင့် အခု "စပိုင်ဒါ" ကို လွှဲပေးမဲ့ ကိစ္စ ဆိုင်းငံ့ထားခဲ့ရတာလို့လည်း သမ္မတက စွပ်စွဲထားပါတယ်။
"စပိုင်ဒါ" လို့ လူသိများတဲ့ ခီယိုဗာနီ အန်ဒရက်စ်ရိုဟက်စ် ဟာ FARC စစ်သွေးကြွဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ CNEB အဖွဲ့ရဲ့ နယ်စပ်ကွပ်ကဲရေးတပ်ဖွဲ့ကို ဦးဆောင်နေသူ ဖြစ်ပါတယ်။
သူ့ကို ၂၀၁၇ ခုနှစ် ကတည်းက ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ အမေရိကန် အစိုးရရှေ့နေတွေက စွပ်စွဲထားတာဖြစ်ပြီး ဘိုဂိုတာမြို့က လေတပ်စခန်းမှာ လုံခြုံရေး အပြည့်နဲ့ အမေရိကန် အရာရှိတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
သူ့ကို ၂၀၂၅ ဖေဖော်ဝါရီတုန်းက ကိုလံဘီယာမြို့တော်က ဟိုတယ်တခုမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီဂ အဲဒီတုန်းက သူဟာ သမ္မတဟောင်းပေထရို အစိုးရနဲ့ တရားမဝင် လက်နက်ကိုင်အဖွဲ့တွေအကြား ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နေတာပါ။
အသက် ၄၉ နှစ်အရွယ် လက်ယာယိမ်း ရှေ့နေတယောက်ဖြစ်တဲ့ အာဘေလာဒိုကတော့ ရှေ့သမ္မတ ပေထရိုရဲ့ "လုံးဝငြိမ်းချမ်းရေး" နည်းဗျူဟာကို ပြောင်းလဲလိုက်ပြီး တရားမဝင် လက်နက်ကိုင်အဖွဲ့ တွေနဲ့ ဆွေးနွေးနေတာကို ဖျက်သိမ်းကာ တောတောင်ဒေသတွေကို ပြန်ထိန်းချုပ်ဖို့ စစ်ဆင်ရေး စတင်ခဲ့ပါတယ်။
ကိုကင်းလမ်းကြောင်းတွေကို ပိတ်ဖို့နဲ့ မူးယစ်ကွန်ရက်တွေကို ဖြိုခွဲပြီး ပြည်သူတွေဆီ နယ်မြေ ပြန်အပ်နိုင်ဖို့ အမေရိကန်နဲ့ မဟာမိတ်ပြု ပူးပေါင်းတာလို့ သမ္မတ အာဘေလာဒိုက ပြောပါတယ်။
Source:Reuters










