
တိုက်စစ်မှူး ကီလီယန် အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားစံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အပေါ် ဘောလုံးကျွမ်းကျင်သူတွေက ချီးကျူးလိုက်ပြီး ပြင်သစ်သမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမား ဖြစ်လာမယ်လို့ ယုံကြည် နေပါတယ်။
ဒီကနေ့မနက် ပြင်သစ်အသင်းက ဆီနီဂေါအသင်းကို ( ၃-၁) ဂိုးနဲ့ အနိုင်ရသွားတဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူး အမ်ဘာပေက သွင်းဂိုး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။
အသက် ၂၇ နှစ်အရွယ် အမ်ဘာပေဟာ ပြင်သစ်အသင်းအတွက် ၅၈ ဂိုးသွင်းယူခဲ့ပြီး အိုလီဗီယာ ဂျရူးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဒီစံချိန်ကို ပွဲ ၉၉ ပွဲ ကစားပြီးနောက်မှာ ရယူခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို အမ်ဘာပေရဲ့ စံချိန်တင်မှုအပေါ် ပြင်သစ်လက်ရွေးစင်ဟောင်း ဂျရူးက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အမ်ဘာပေဟာ စံချိန်အားလုံးကို ချိုးဖျက်နိုင်မှာပါလို့လည်း မျှော်လင့်နေတာပါ။
ပြင်သစ်ဘောလုံးကျွမ်းကျင်သူ ဂျူလီယန် လော်ရန့်စ်ကလည်း အမ်ဘာပေဟာ ပြင်သစ်သမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမား ဖြစ်လာမယ်လို ယုံကြည်ကြောင်း ပြောပါတယ်။
အမ်ဘာပေဟာ ကမ္ဘာ့ဖလားပွဲတွေမှာ ၁၄ ဂိုးသွင်းထားပြီး ဂျာမနီ ကစားသမား ကလိုဆေးနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့ရဲ့ ၁၆ ဂိုး စံချိန်ကို လိုက်မီဖို့ ၂ ဂိုးသာ ကွာပါတော့ တယ်။
Photo: Reuters










