DVB Logo
Home
Lead Story
PV ပတ်စ်ပို့ သက်တမ်းတိုးကိစ္စ နေပြည်တော်သို့ လျှောက်ထားရန် သံရုံးက လူဦးရေ ကန့်သတ် 
ဇွဲသစ်
·
September 4, 2026
Photo: DVB
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်အာဏာရှင်လက်အောက်ခံ မြန်မာသံရုံးမှာ PV (အလည်အပတ် ပတ်စ်ပို့) သက်တမ်းတိုးကိစ္စတွေ ပိုမိုတင်းကျပ်လာပြီးနောက် နေပြည်တော်ကို ၂ လကြိုတင် လျှောက်လွှာတင်ဖို့အပြင် တရက်ကို လူအယောက် ၅၀ သာ လက်ခံတင်ခွင့်ပြုတော့တယ်လို့ ပတ်စ်ပို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

ဘန်ကောက် မြန်မာသံရုံးမှာ ပတ်စ်ပို့ သက်တမ်းတိုးကိစ္စတွေမှာလည်း UID Smart Card နဲ့ ကိုယ်ရေးအချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပြီး နိုင်ငံရေးကိစ္စ ကင်းရှင်းမှသာ ပတ်စ်ပို့စာအုပ် ပြုလုပ်ခွင့်ပေးတာလို့ သံရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ပတ်စ်ပို့သက်တမ်း ၆ လအောက် မရောက်သေးတဲ့ စာအုပ်တွေကိုလည်း လျှောက်လွှာပုံစံထုတ်ပေးတာ မလုပ်တော့ဘဲ PV စာအုပ်ဆိုရင် နေပြည်တော်က ခွင့်ပြုမိန့်ကျမှသာ လုပ်ခွင့်ပြုတော့တာပါ။

ဘန်ကောက်က ပတ်စ်ပို့ အကျိုးဆောင်တယောက်က “အခုနောက်ပိုင်း စာအုပ်ထုတ်တာက UID ကတ်ကို သူတို့က စစ်တာ။ ကိုယ့်ရဲ့ မှတ်ပုံတင်နဲ့ UID၊ အိမ်ထောင်စုထဲက နာမည်နဲ့ မှတ်ပုံတင်ထဲက နာမည်နဲ့ တူသလား။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့က မြန်မာပြည်က အိမ်မှာ သူတို့ data သွားကောက်ထားတာလေ။ သူတို့ဆီက website ထဲမှာ ကိုယ့်ရဲ့ အချက်အလက်အကုန်လုံး ရှိထားပြီးသား။ အဲဒါကို ကိုယ်က  မှတ်ပုံတင်နဲ့ လာလျှောက်လိုက်တဲ့အချိန်မှာ သူတို့ကနေ စစ်မှာ။ စစ်တဲ့အချိန်မှာ ကိုယ့်မှတ်ပုံတင်ထဲက အချက်အလက်နဲ့ သူတို့ဆီက website ထဲမှာရှိတဲ့ အချက်အလက် နာမည်တူရဲ့လား၊ အဖေနာမည်တူရဲ့လား၊ အသက်၊ နာမည်တူရဲ့လား၊ အကုန်လုံးတူမှ သူတို့က ချပေးမှာ။ မတူရင် မချပေးဘူး။ အဲအခါကျတော့ ဒါကြီးကို ကျမတို့က ၁၀၀ ရာခိုင်နှုန်း ရပါမယ်လို့ အဲဒီ စိတ်ထဲမှာ ဒုန်းဒုန်း ချထားလို့တော့ မရဘူး” လို့ ပြောပါတယ်။

UID စမတ်ကတ်နဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့က အချက်အလက်တွေကို တိုက်စစ်တဲ့အတွက် ကိုယ်ရေးအချက်အလက် မကိုက်ညီတာရှိရင် ပတ်စ်ပို့လျှောက်ထားရာမှာ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။

တဖက်မှာလည်း PV (အလည်အပတ် ပတ်စ်ပို့) ကနေ PJ (အလုပ်အကိုင် ပတ်စ်ပို့) အပါအဝင် ပတ်စ်ပို့အမျိုးအစား ပြောင်းလဲဖို့ လျှောက်ထားသူတွေက လျှောက်လွှာတင်ပြီးနောက် နေပြည်တော်က အကြောင်းပြန်ဖို့ အနည်းဆုံး ၂ လခန့် စောင့်ရနိုင်တယ်လို့ သိရပါတယ်။

ကိုယ်ရေးအချက်အလက်တွေကို နေပြည်တော်ဘက်အထိ တင်ပြရတဲ့အပေါ် လူငယ်တွေအတွက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာတယ်လို့ ထိုင်းရောက် မြန်မာတယောက်က ပြောပါတယ်။

“လူငယ်တွေအတွက်လည်း မကောင်းဘူး။ ဒီဘက်ကိုရောက်နေတဲ့ တချို့တွေဆို တော်လှန်ရေးနဲ့ ပတ်သက်ပြီး လုပ်နေတာတွေ ရှိတယ်။ အဲလိုလူတွေအတွက်ဆိုရင်လည်း သူတို့က ဒေတာ အချက်အလက် အကုန်တောင်းတဲ့ သဘောမျိုးပဲ။ ဒေတာ အချက်အလက်ကို သူတို့ဆီ တခါတည်း တိုက်ရိုက်ရောက်စေချင်တဲ့ ပုံစံမျိုးပေါ့။ နောက်ပြီး လူငယ်တွေအတွက် ပိုစိုးရိမ်စရာ ရှိတာပေါ့နော်။ ဒါ သူတို့က စစ်မှုထမ်းကိစ္စလည်း အများကြီး ဖြစ်လာတဲ့အချိန်ကျတော့ နေပြည်တော်လို နေရာမျိုးကို အရင်တင်ရမယ်။ ခွင့်ပြု မပြု မသေချာဘူး။ ၂ လလည်း ဖြစ်ရင်ဖြစ်မယ်၊ ၃ လလည်း ဖြစ်ရင်ဖြစ်မယ်၊ အဲ့ထက်မကလည်း ကြာရင်ကြာမယ် ဆိုတော့ လုံးဝ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ ဒါက တော်တော် သူတို့ဘက်က ညစ်ပတ်ပြီးလုပ်တဲ့ ကိစ္စမျိုးလို့ မြင်တယ်။”

လက်ရှိ ပြောင်းလဲထားတဲ့ လုပ်ထုံးလုပ်နည်းအပေါ် မြန်မာသံရုံးဘက်က တရားဝင် ထုတ်ပြန်တာ မရှိသေးပေမဲ့ မြေပြင်မှာတော့ PV ပတ်စ်ပို့ သက်တမ်းတိုးတာ၊ စာအုပ်အမျိုးအစား ပြောင်းလဲလာတွေကို နေပြည်တော်ရဲ့ ခွင့်ပြုချက်ရမှသာ လုပ်ဆောင်ပေးနေတာပါ။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ အရင်ကထက် ပိုမိုတင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်ဆိုင်နေရပြီး UID စမတ်ကတ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ဒီနှစ်ထဲမှာ ပိုပြီး စိစစ်လာနိုင်တယ်လို့ ပတ်စ်ပို့အကျိုးဆောင်တွေက ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013