DVB Logo
Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကသစ်ပင် ဆေးဖက်ဝင်
DVB
·
June 3, 2026
နွေဦးပြည်သူတို့အတွက် ကသစ်ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကသစ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကသစ်ပင်ကို သိပ္ပံလို Erythrina Indica လို့ခေါ်ပြီး Indian Koral tree, Indian Coral Tree, Tiger's Claw, Lenten tree လို့ ခေါ်ကြပါတယ်။

ကသစ်ပင်မှာ Erthyraline, Erysovine, Erythrinins A, B, C, erysotine, erythratidine, epierythratidine Erysotrine, Erysodine, Erysovine, Erysonine, Hypaphorine, spiroamine alkaloid, flavones, Osajin, sterol, tetracyclik alkaloid, hexabarbital ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အာရုံကြောစနစ် ကျန်းမာရေးကို ကူညီပေးခြင်း၊ ချောမွေ့သောကြွက်သားများကို ပြေလျော့စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကပ်ပါးပိုးကိုဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ဝမ်းပျက်ဝမ်းလျှောကို ဆန့်ကျင်ခြင်း၊ အိပ်ဆေးအာနိသင်ရှိခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဆီးရွှင်စေခြင်း၊ သွေးသန့်စင်ခြင်း၊ အနာကျက်ခြင်း စတဲ့အာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ကသစ်ပင်ရဲ့  အရွက်၊ အခေါက်၊ အမြစ်၊ အပွင့်၊ အစေ့ တို့ကို သုံးစွဲကြပါတယ်။

အဆစ်ရောင်ရောဂါများမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ ရောင်ရမ်းနေတဲ့ အဆစ်တွေမှာ အရွက်ကို ထုထောင်းပြီး အုံပေး၊ လိမ်းပေးနိုင်ပါတယ်။

ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအတွက် အခေါက်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

သန်ကောင်၊ တုတ်ကောင် ရောဂါများမှာ အခေါက်မှုန့် ကော်ဖီတဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်များ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး အခေါက်နဲ့ အရွက် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အရွက်မှာ စိတ်ငြိမ်ဆေးအာနိသင် ရှိတာကြောင့် အရွက်ခြောက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို ဆီးသီးမှုန့် ကော်ဖီတဇွန်းနဲ့ ညအိပ်ရာဝင်ချိန် သောက်သုံးပေးခြင်းဖြင့် အိပ်မပျော်ခြင်းနဲ့ စိုးရိမ်ပူပန်မှုများကို သက်သာစေပါတယ်။

အခေါက်မှာ ပိုးသတ်ဆေးအာနိသင်ရှိပြီး အသည်းပြဿနာများနဲ့ ဖျားနာခြင်းအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်ကို ထုထောင်းပြီး လိပ်ခေါင်းနဲ့ သားအိမ်ကျခြင်းများမှာ ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အခေါက်ရေ ပေါင်းခံရည်ကို နားအူ၊ နားကိုက်၊ နားတွင်းအနာများမှာ နားတွင်း အစက်ချဆေးအဖြစ် ၂-၃ စက်ခန့် ထည့်ပေးနိုင်ပါတယ်။ အရွက်ကို အုန်းဆီနဲ့ချက်ပြီး အသုံးပြုနိုင်ပါတယ်။

အရွက်ခြောက်ကို အမှုန့်ပြုလုပ်ပြီး  ထိခိုက်ဒဏ်ရာနဲ့ ပေါက်ပြဲနာများမှာ လိမ်းပေးနိုင်ပါတယ်။ အရေပြား ပြည်တည်နာများနဲ့ အရေပြားနာများမှာ ပန်းပွင့်ပြုတ်ရည်နွေးနွေးနဲ့ ဖန်ဆေးပေးနိုင်ပါတယ်။

အရွက်ကို အုန်းဆီနဲ့ပြုတ်ပြီး အဆစ်များ ရောင်ရမ်း နာကျင်ကိုက်ခဲခြင်းများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ကာလသားရောဂါကြောင့်ဖြစ်တဲ့ အဖုအကျိတ် အနာတွေကိုလည်း လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကိုယ်ပူဖျားနာခြင်းများမှာ အမြစ်၊ အရွက်ပြုတ်ရည်ကျကျကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့  ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အစေ့ကို ထောင်းပြီး အကျိတ် အဖုနဲ့ ပြည်တည်နာများကို အုံပေးခြင်းဖြင့် သက်သာစေပါတယ်။

ကသစ်ပွင့်မှာ ချောင်းဆိုးပျောက်ဆေးအာနိသင် ရှိတာကြောင့် အသက်ရှူလမ်းကြောင်း ပြဿနာများနဲ့ ပန်းနာရင်ကျပ်၊ ချောင်းဆိုးခြင်းမှာ အပွင့်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့  ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အမျိုးသမီးများမှာ ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာချုပ်ခြင်း၊ ရာသီလာစဥ် ကိုက်ခဲနာကျင်ခြင်းအတွက် ပင်စည်အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၁-၂ ကြိမ် ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

နို့တိုက်မိခင်များ ကသစ်ပွင့်၊ အရွက်ကို ဟင်းချိုချက် သောက်ပေးခြင်းဖြင့် နို့ထွက်နှုန်းကို တိုးစေပါတယ်။

အမျိုးသားများမှာ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ ပန်းသေ ပန်းညှိုးခြင်းများအတွက် အခေါက်မှုန့် ကော်ဖီတဇွန်းကို နွားနို့တခွက်နဲ့ အိပ်ရာဝင်ချိန် သောက်သုံးပေးခြင်းဖြင့် တိုးတက် ကောင်းမွန်စေပါတယ်။

ဆီးပူ၊ ဆီးအောင့်၊ ဆီးကျင်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ အရွက်ကို ရေမှာ တညစိမ်ပြီး တခါသောက် တဖန်ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကသစ်ပင်မှာ သွေးတွင်း မကောင်းတဲ့အဆီဓာတ်ကို လျှော့ချပေးနိုင်တာကြောင့် သွေးတွင်း အဆီများခြင်းအတွက် ကသစ်အခေါက်မှုန့် ကော်ဖီတဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် အဆီကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်းဖြင့် သွေးတိုးရောဂါနဲ့ အဝလွန်ခြင်းကို သက်သာစေပါတယ်။

အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ အစာစားလိုစိတ် မရှိခြင်း၊ အစာအိမ်အားနည်းခြင်းတို့မှာ ကသစ်ခေါက်မှုန့် ကော်ဖီတဇွန်းကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကသစ်ရွက်ကို ရေနွေးကြမ်းပြုလုပ်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် သွေးသန့်စင်စေခြင်း၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း၊ အစာလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အာရုံကြောစနစ်ကို အားကောင်းစေခြင်း၊ ကောင်းမွန်စွာ အိပ်ပျော်စေခြင်း၊ သွေးလှည့်ပတ်မှုကို ကောင်းစေခြင်း၊ အမျိုးသမီးများ ရာသီစက်ဝန်း ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ဆီးလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

အစေ့ဆီကို အာရုံကြောအားနည်းခြင်း၊ အကြောတက် ညောင်းညာခြင်းများမှာ လိမ်းပြီး နှိပ်နယ်ပေးနိုင်ပါတယ်။ ထိခိုက်ရှနာ၊ ဒဏ်ရာ၊ ပွန်းပဲ့အနာများမှာလည်း အနာကျက်ဆီအဖြစ် လိမ်းပေးနိုင်ပါတယ်။

ကသစ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ကသစ်ပင်ပွင့်နဲ့ ဓာတ်မတည့်သူများ ကသစ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးငယ်များ မသုံးစွဲသင့်ပါ။

နွေဦးပြည်သူများ ကသစ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013