ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဘားတခုမှာ လူ အယောက် ၃၀ နီးပါးသေဆုံးခဲ့ရတဲ့ မီးလောင်မှုဟာ မျက်နှာကြက် အဲကွန်း ဝါယာရှော့ခ်ကနေ စတင်ခဲ့တယ်လို့ မြို့တော် ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ကနဦးအကဲဖြတ်ချက်အရ သိရပါတယ်။
ဇူလိုင် ၁၃ ရက် သန်းခေါင်ယံအချိန်က မီးလောင်မှုမှာ လူ ၂၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက် ပါဝင်ပြီး တခြားလူ ၆၀ ကျော်လည်း ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။
အခုမီးလောင်မှုဟာ နိုင်ငံခြားသား ခရီးသွားတွေကြား ရေပန်းစားတဲ့ ချတ်တူချတ်နယ်မြေ လတ်ဖယောင်းရပ်ကွက်ရှိ နာမည်ကြီး "Rong Beer Na Lat Phrao" ဘားမှာ ဖြစ်ပွားခဲ့တာပါ။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်ဝီရကွန်းဟာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ မီးလောင်ပြင်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဝန်ကြီးချုပ် အနုထင်းက “သေဆုံးသူအများစုဟာ အဆောက်အအုံ နောက်ဘက်မှာရှိတဲ့ အိမ်သာတွေဆီ ထွက်ပြေးခဲ့ကြပြီး အဲဒီမှာ အရေးပေါ်ထွက်ပေါက်ဆိုတဲ့ ရှင်းလင်းတဲ့ အမှတ်အသား မရှိဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ မီးဟာ ဆိုင်ရှေ့ စင်မြင့်နားကနေ စတင်ခဲ့ပြီး အလျှင်အမြန် ကူးစက်သွားတာကြောင့် လူအများစုဟာ ဆိုင်နောက်ဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။
ဆိုင်ရဲ့ အလှဆင်ပစ္စည်းတွေကလည်း မီးလောင်လွယ်တာကြောင့် မီးကူးစက်မှု အရမ်းမြန်ဆန်ခဲ့တယ်လို့ ဘန်ကောက်မြို့တော်ဝန် ချပ်ချတ် ဆစ်သီပန်က ဆိုပါတယ်။
ဒါ့အပြင် အရေးပေါ်ထွက်ပေါက်တွေကို ဈေးရောင်းချတဲ့ စားပွဲတွေနဲ့ ပိတ်ဆို့ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီမီးလောင်မှုအကြောင်းရင်း အသေးစိတ်ကို ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်။










