
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ စစ်အာဏာရှင်တပ်က အင်အား ၆၀၀ ဝန်းကျင်တိုးမြှင့်ချထားပြီး ညပိုင်းတွေမှာ ကြေးနီ ထုတ်လုပ်ရေးကို အားစိုက်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်ခရိုင်ထဲက ဆားလင်းကြီး၊ ပုလဲ၊ ကနီ၊ ယင်းမာပင်မြို့နယ်တွေကို ဖိအားပေး နယ်မြေ ထိန်းချုပ်ဖို့ ကြိုးစားတာနဲ့တပြိုင်တည်းမှာ စစ်တပ်က ကြေးနီထုတ်လုပ်တဲ့ စီမံကိန်းလည်ပတ်မှုကို တပါတည်းပြုလုပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ပထဝီအနေအထားအရ PDF တွေ ချဉ်းကပ်တိုက်ခိုက်ဖို့ခက်တဲ့ ယင်းမာပင်နယ်၊ ဆင်စွယ်ရွာမှာ အထိုင်ချပြီး ဒေသတွင်းမှာ လှည့်လည်စစ်ကြောင်းထိုးနေပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးနားရွာတွေက ပြည်သူတွေဟာ စစ်တပ်က ဖိအားပေးတာ နဲ့ စားဝတ်နေရေးအတွက် စီမံကိန်းမှာ အလုပ်ပြန်ဝင်နေကြရတယ်လို့ လက်ပံတောင်း ဒေသခံ တယောက်က ပြောပါတယ်။
“စီမံကိန်းက လက်ပံတောင်းက လည်ပတ်နေပြီ၊ အင်အားတွေအများကြီးတိုးနေတယ်၊ စစ်အင်အား က နောက်ထပ်ကို ၆၀၀ လောက်တိုးထားတယ်။ လက်ပံတောင်းလုပ်ဖို့အရေးကို အဲ့ဒီလောက်အထိ တိုးထားတယ်၊ လက်ပံတောင်းနားတဝိုက် PDF တွေဝင်လို့မရတဲ့ရွာတွေက ဝင်တာ အလုပ်လုပ်တာ များတယ်လေ။ အလုပ်သမားဦးရေက အခုလောလောဆယ် ၁,၀၀၀ ကျော်သွားပြီ၊ အခုက ညကို အင်တိုက်အားတိုက်ထုတ်တော့တာ နေ့ကိုမလုပ်ဘူး နားထားတယ်၊ ညမှ အင်တိုက်အားတိုက် လုပ်တော့တာ။ နောက်ထပ်အခုရောက်နေတာက ပျူတွေအများရောက်နေတာ၊ ပျူတွေ ပြည်သူ့စစ် တွေ များတယ်၊ ယင်းမာပင်မှာ သူက ဆင်စွယ်ကိုအထိုင်ချထားတာ။ မန္တလေးကနေပြီးတော့ မုံရွာအထိအောင်က သူတို့လမ်းပိုင်းစိုးမိုးမှုလုပ်ထားတာ၊ ဘာလို့လဲဆိုတော့ ကြေးထုတ်တဲ့အခါ လွယ်အောင်လို့ဆိုပြီးတော့ ကြေးလမ်းကြောင်းတွေထုတ်ဖို့အတွက် နေရာတွေ အခုကတည်းက ယူထားကြတာ။ ကြေးထုတ်ပြီဟေ့ဆို သူက ပေါင် ၅၀၀ တွေထုတ်တော့တာ၊ ကျည်ဆန်တွေ ထုတ်နိုင်တယ်၊ သူတို့မှာက ကြေးမထုတ်နိုင်ရင် ဘာမှလုပ်မရဘူး၊ အဓိက ကတော့ စစ်ကောင်စီရဲ့ ထောက်တိုင်က ဝမ်ပေါင်ဖြစ်နေတာ။”
စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲပြုလုပ်ချိန် ၂၀၂၅ နိုဝင်ဘာလကနေ ၂၀၂၆ ဇန်နဝါရီ အထိ ၃ လကြာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ပြီး စီမံကိန်းဝင်းထဲမှာ မဲရုံတွေဖွင့်ခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ အားပေးထောက်ခံမှုနဲ့ ရွေးကောက်ပွဲပြုလုပ်ပြီးချိန်မှာတော့ စီမံကိန်းကို ပြန်လည်ပတ်ခဲ့တာပါ။
မတ် ၁၀ ရက်မှာ မန္တလေးတိုင်း၊ တကောင်းမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေ လက်လွှတ်ရပြီး နောက် မတ် ၂၅ ရက်နောက်ပိုင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်ထဲက တကောင်း နီကယ်စီမံကိန်းကိုလည်း စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။
ထီးချိုင့်ဒေသခံတယောက်က “တကောင်းကနေပြီးမှ ထီးချိုင့်ကိုဝင်တယ်၊ အဲ့ဒီကနေမှတဆင့် ကသာ အစရှိသဖြင့် သတင်းတွေမှာ ကြားနေရတဲ့အတိုင်းပါပဲ၊ ဒါပေမဲ့ အဲ့ဒီစက်ရုံလည်ခြင်း မလည်ခြင်း ကတော့ မသိရဘူး၊ ကျနော်သိရသလောက်တော့ လည်ဖြစ်နိုင်မယ်မ ထင်သေးဘူး။ သူက လည်ဖို့အတွက်က ပြင်ဆင်ရမဲ့ အခြေခံအဆောက်အအုံတွေ များတယ်လေ၊ အလုပ်သမား ဘာညာကအစ အကုန်လုံးပေါ့။ လောလောဆယ်တော့ အဲ့ဒီယန္တရားလည်နိုင်ဖို့တော့ သူတို့လိုပါလိမ့် ဦးမယ်။ ဘာလို့လဲဆိုတော့ နယ်မြေလုံခြုံရေးအရက ဒီလောက်နဲ့ Save မဖြစ်သေးဘူးလေ၊ ဒီလောက်လေး ခဏလေး လွှမ်းမိုးနိုင်ရုံနဲ့ သူတို့လည်ပတ်နိုင်ဖို့အတွက် အနေအထားတော့ မရှိသေးပါဘူး”လို့ ပြောပါတယ်။
စစ်တပ်က မန္တလေးတိုင်းထဲက ပြန်ထိန်းချုပ်နိုင်တဲ့နယ်မြေတွေမှာလည်း ဗျူဟာတကျကွင်းဆင်းပြီး ပြည်သူတွေကို စည်းရုံးနေပါတယ်။
ဒေသတွင်းပြည်သူတွေဟာ အဖက်ဖက်ကဖိအားတွေကြောင့် အလိုက်သင့်နေထိုင်နေရပြီး မန္တလေးတိုင်းထဲက တရုတ်စီမံကိန်းနဲ့ လုပ်ငန်းတွေရှိတဲ့နေရာတွေကို ပိုပြီးအာရုံစိုက်ထိန်းချုပ်ဖို့ စစ်တပ်ကကြိုးစားနေပါတယ်။
စစ်တပ်က မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီက လက်လွှဲ ရယူပြီးနောက် ဒေသတွင်းကျောက်တွင်းလုပ်ငန်းတွေအခြေအနေကိုတော့ DVB က သီးခြား သတင်းရယူဖို့ ခက်ခဲနေပါတယ်။
မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “ကျနော်တို့ပြင်ဦးလွင်ခရိုင်အတွင်းမှာ လောလောဆယ် သယံဇာတသတ္တုနဲ့ ပတ်သက်လို့ လုပ်စားပိုင်ခွင့်တွေကတော့ အဓိကအစိုးရဆိုက်တွ တော်တော်များများက ပိတ်ထားတာရှိတယ်ဗျ။ ရွှေတွင်းတွေမှာလည်း တော်တော်များများ ပိတ်ထားတာရှိတယ်၊ သူတို့မပိတ်ဆို့ခင် ပြည်သူတွေလုပ်စားတဲ့အတွက် ဖမ်းဆီးမှုတွေလည်း ရှိနေတယ်။ မတ္တရာမြို့နယ်ထဲမှာရှိတဲ့ Wilmar သကြားစက် သူကတော့လည်ပတ်မှုမရှိသေးဘူး၊ စက်တွေပြင်ဆင်မှုတော့ရှိနေတယ်ဗျ။ မတ္တရာနယ် စကျင်တောင်မှာလည်း စကျင်ကျောက် ထုတ်လုပ်တဲ့နေရာမှာလည်း အစိုးရပိုင် စကျင်ကျောက်တွေ ထုတ်လုပ်မှုကတော့မရှိသေးဘူး၊ ပြည်သူတွေလုပ်စားတဲ့ကျောက်တွင်းတွေကတော့ အများဆုံးကတော့ စကစနဲ့ပေါင်းပြီးတော့ ငွေပေးပြီးတော့ တချို့တဝက်တွေလုပ်စားနေတာတွေတော့ မြင်တွေ့နေရပါတယ်”လို့ ပြောပါတယ်။
ဧပြီ ၃ ရက်မှာ စစ်ခေါင်းဆောင်က သမ္မတရာထူးကို ဖန်တီးရယူပြီးနောက် စစ်ကိုင်းတိုင်းတခုလုံးကို ရက် ၁၀၀ စီမံကိန်းနဲ့ နယ်မြေပြန်ထိန်းချုပ်ဖို့ အင်အားသုံးကြိုးစားခဲ့တာပါ။
စစ်ကိုင်း-မကွေး-ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးမှာအရေးပါတဲ့ ယင်းမာပင်ခရိုင်အတွင်းမှာ အင်အားထောင်ချီအသုံးပြုပြီး နေ့စဉ်ထိုးစစ်ဆင်ဖို့ကြိုးစားနေသလို လေကြောင်းတိုက်ခိုက်မှုတွေ လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ တကောင်းမြို့ကို မတ်လဆန်းမှာ စစ်တပ်က ပြန်သိမ်းပြီးနောက် စစ်ကိုင်းတိုင်း အထက်ပိုင်းက လက်လွှတ်ထားရတဲ့ မြို့တွေနဲ့ စခန်းတွေကို ဆက်တိုက်ပြန်သိမ်းပါတယ်။











