
ဒီးမော့ဆို၌ စက်သုံးဆီဈေး ၄ ဆ တက်လာသဖြင့် ရေကားနှင့် ပရဟိတလုပ်ငန်းအချို့ ရပ်နားကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဓာတ်ဆီဈေးနှုန်း ၄ ဆကျော်အထိ မြင့်တက်လာတာကြောင့် စစ်ဘေးရှောင်စခန်းတွေကို ကူညီထောက်ပံ့နေတဲ့ ရေကားတွေနဲ့ ပရဟိတလုပ်ငန်းတချို့ ရပ်နားလိုက်ရပါတယ်။
အရှေ့အလယ်ပိုင်းဒေသက စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံဈေးကွက် မတည်မငြိမ် ဖြစ်နေချိန်မှာ ကရင်နီဒေသမှာလည်း ဓာတ်ဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း ဓာတ်ဆီတလီတာကို ကျပ် ၁၅,၀၀၀ ဝန်းကျင်အထိ ရှိလာပြီး ဒါဟာ အရင်ဈေးနှုန်းထက် ၄ ဆကျော် မြင့်တက်လာတာပါ။
ဒီလို ဆီဈေးမြင့်တက်မှုကြောင့် စစ်ရှောင်စခန်းတွေကို စားနပ်ရိက္ခာနဲ့ သောက်သုံးရေ လာလှူတဲ့ ကားတွေ ရပ်နားလိုက်ရပြီလို့ ဒီးမော့ဆိုအနောက်ခြမ်းက ပရဟိတအဖွဲ့တခုက ပြောပါတယ်။
စစ်ရှောင်ကူညီနေသူတယောက်က “ဒီမနက်ပဲ ဆီတဂါလံ ၆၀,၀၀၀ တဲ့၊ တလီတာ ၁၅,၀၀၀ ပေါ့။ ကျနော်တို့လည်း ရေတွေလည်း နားထားရတယ်။ အခုချိန်ကစပြီးတော့ ကျနော့်လုပ်ငန်းတွေလည်း ရပ်ထားရတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေဟာ နွေရာသီရောက်တိုင်း ရေပြတ်လပ်တဲ့ဒဏ်ကို ခံရလေ့ရှိပြီး အလှူရှင်ရေကားတွေကိုပဲ အဓိက အားထားနေရတာပါ။
အခုလို ရေကားတွေ မလာနိုင်တဲ့အခါ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ပြတ်လပ်လာပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကြား ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေပါ ခံစားလာရပါတယ်။
လူဦးရေ ၁၀၀ ကျော်ရှိတဲ့ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်းတခုမှာဆိုရင် ရေကားမလာတာ ၂ ပတ်ကျော်နေပြီ ဖြစ်ပါတယ်။
စစ်ရှောင်စခန်း တာဝန်ခံတယောက်က “သုံးပြီးသားရေကိုပဲ အနည်ပြန်ထိုင်တယ်။ ပြီးရင် ရေပြန်စစ်တယ်၊ ပြန်စစ်ပြီးမှ ထပ်ခါပြန်သုံးတယ်။ ရေသန့်မရတော့ ကလေးတွေ လူကြီးတွေမှာ ယားနာတွေဖြစ်တယ်၊ ..... ဒီနှစ်တော့ ပုံမှန်လာနေကျ ရေကားတွေပါ မလာကြတော့ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ “ရန်နိုင်မင်း” စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအနေနဲ့ ပြည်ထောင်စုလမ်းမကြီး အပါအဝင် အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တပ်စွဲထားပါတယ်။
မြို့တွေကို ဆက်သွယ်ထားတဲ့ တံတားတချို့လည်း ဖျက်ဆီးခံထားရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ဓာတ်ဆီနဲ့ ကုန်ဈေးနှုန်းတွေ တက်လာရတာ ဖြစ်ပါတယ်။
ဒီပြဿနာနဲ့ ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကတော့ ဒေသတွင်း ဝင်လာတဲ့ ဓာတ်ဆီတွေကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ အတွင်းရေးမှူး ၂ ကိုဗညားခွန်အောင်က ပြောပါတယ်။
“ကျနော်တို့နယ်မြေထဲကို ဓာတ်ဆီတွေ ပုံစံအမျိုးမျိုးနဲ့ ဝင်လာတဲ့အပေါ်မှာ ကျနော်တို့ အခွန်အကောက်တွေ မကောက်ဖို့အတွက် ဆိုပြီးတော့မှ ကျနော်တို့ကတော့ ဒီအတွင်းပိုင်းမှာ အစီအမံတွေ ရှိတယ်။ သက်ဆိုင်ရာ အခွန်ဌာနတွေကို အသိပေးထားပြီးသား ဖြစ်တယ်။”
ဓာတ်ဆီဈေး ဆက်လက်မြင့်တက်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့နေဦးမယ် ဆိုရင်တော့ ကရင်နီဒေသက စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေဟာ အခုထက်ပိုပြီး ဆိုးရွားလာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
မောရစ်










