
မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် စစ်အာဏာရှင်တပ်လက်အောက်ခံ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ဧပြီ ၁၉ ရက် ညနေ ၃ နာရီက လက်နက်ခဲယမ်းတိုက် မီးလောင်ပြီး ဒုတပ်ကြပ်တယောက် သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
လက်နက်တိုက်ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုး ရှော့ဖြစ်ရာကနေ လက်နက်ခဲယမ်းတိုက်ကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က “ခဲယမ်းတိုက်ကို သွယ်ထားတဲ့ မီးကြိုးကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာ။ ခဲယမ်းတွေထားတဲ့နေရာဆိုတော့ ပေါက်ကွဲမှု အားကောင်းတယ်။ လက်နက်တိုက်စောင့်တဲ့ ဒုတပ်ကြပ်တယောက် သေတယ်။ မီးလောင်လို့သေတာမဟုတ်ဘူး၊ ပေါက်ကွဲတဲ့အစအနတွေ မှန်လို့ သေတာ” လို့ ပြောပါတယ်။
သေဆုံးသူမှာ ဒုတပ်ကြပ် စန်းမိုးနိုင် ဖြစ်ပြီး မတ်လအတွင်းက မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၆ မှ စကခ ၁၉ ကို ပြောင်းရွှေ့လာသူဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်တိုက် မီးလောင်မှုကို ရေးမြို့နယ် မီးသတ်တပ်ဖွဲ့က ကူညီပြီး မီးငြှိမ်းသတ်ပေးခဲ့ပေမဲ့ မီးလောင်မှုသတင်းကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
အဆိုပါမီးလောင်မှုနဲ့ပတ်သက်လို့ အမှတ် ၁၉ စစ်ဆင်ရေးဌာနချုပ်မှူးနဲ့ တာဝန်ရှိသူတွေကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က စစ်ဆေးနေပါတယ်။
အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဖြစ်ပါတယ်။










