
ရုရှားရဲ့ Tu-22M3 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဟာ ဇွန် ၁၅ ရက်မှာ ဆိုက်ဘေးရီးယားဒေသ အီရ်ကွတ်စ်ခ်မြို့မှာ လေ့ကျင့်ပျံသန်းနေတုန်း ပျက်ကျခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
လေယာဉ်ပေါ်က လူ ၄ ယောက်စလုံး ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့ပါတယ်။ အသံထက်မြန်တဲ့ ခင်ဇယ်လ်ဒုံးကျည်တွေကို သယ်နိုင်ပြီး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO က ‘Backfire’ လို့ ကုဒ်ဝှက်ထားတဲ့ Tu-22 ဗုံးကြဲလေယာဉ်ဟာ ရုရှားက ဆီးရီးယားနဲ့ ယူကရိန်းမှာ တိုက်ခိုက်ဖို့ သုံးခဲ့တဲ့ ဆိုဗီယက်ခေတ်က အသံထက် မြန်တဲ့ ဗုံးကြဲလေယာဉ် ဖြစ်ပါတယ်။
လူမှုမီဒီယာမှာ ပျံ့နေတဲ့ အတည်မပြုနိုင်တဲ့ ပျက်ကျလေယာဉ်ရဲ့ ဗီဒီယိုထဲမှာ အန်ဂါရာမြစ်ကမ်းနားကနေ မဝေးလှတဲ့ သစ်တောထူထပ်တဲ့ နေရာတခုတည်းကို လေယာဉ်တစင်း ခေါင်းထိုးဝင်သွားပြီး မီးခိုးကြီးတွေ ထွက်လာပုံကို ပြသထားပါတယ်။
လေယာဉ်အဖွဲ့သားတွေ ခုန်ထွက်နိုင်ခဲ့လို့ လေယာဉ်မှူးတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ခြိမ်းခြောက်မှုမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး Interfax သတင်းဌာနက ဖော်ပြပါတယ်။
လေယာဉ်ဟာ ဝန်ပိုတင်မထားဘဲ ပျံသန်းနေခဲ့တာ ဖြစ်လို့ မြေပြင်မှာ ပျက်စီးမှု မရှိပါဘူးလို့လည်း ပြောပါတယ်။
ခါမန်ခါ ရွာနားမှာ လေယာဉ်ပျက်ကျခဲ့ပြီး မီးသတ်သမားတွေက မီးငြှိမ်းသတ်နေတယ်၊ လေယာဉ်ရဲ့ လေယာဉ်အမှုထမ်း ၄ ယောက်ကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အီရ်ကွတ်စ်ခ် မြို့အုပ်ချုပ်ရေးမှူး အီဂေါ် ကော့ဇက်ဗ်က ကြေညာချက်ထဲမှာ ပြောပါတယ်။
မူရင်း Tu-22 လေယာဉ်ရဲ့ ခေတ်မီဗားရှင်းဖြစ်တဲ့ Tu-22M3 ဟာ Kh-22 (AS-4 Kitchen) လေကြောင်းကနေ ပစ်လွှတ်တဲ့ ခရုဇ်ဒုံးကျည်တွေအပြင် လေကြောင်းကနေ ပစ်လွှတ်တဲ့ အသံထက်မြန်တဲ့ ခင်ဇယ်လ်ဒက်ဂါ ဒုံးကျည်တွေကိုပါ ပစ်လွှတ်နိုင်တယ်လို့ Bulletin of the Atomic Scientists ဂျာနယ်မှာ ဖော်ပြပါတယ်။
Source: Reuters










