
ဟော်မုဇ်ရေလက်ကြားမှာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သင်္ဘော ၂ စင်းကို ရေကြောင်းဆိုင်ရာ ချိုးဖောက်တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး အီရန် ကမ်းရိုးတန်းဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဧပြီ ၂၂ရက်မှာ ပြောပါတယ်။
အီရန်အစောင့်တပ်က MSC ဖရန်ချက်စကာနဲ့ အီပါမီနွန်ဒါ့စ်လို့ အမည်ရှိတဲ့ သင်္ဘော ၂ စင်းကို လိုအပ်တဲ့ ခွင့်ပြုချက်မရှိဘဲ သွားလာတဲ့အတွက် ဖမ်းခဲ့တာလို့ အစောင့်တပ်က ကြေညာချက်ထုတ်ပါတယ်။ ဒါဟာ ရေကြောင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်ကျင်းပနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးကို အကန့်အသတ်မရှိ သက်တမ်းတိုးမယ်လို့ ပြောခဲ့ပေမဲ့ ၂ လကြာ စစ်ပွဲမှာ အမေရိကန်ရဲ့ မဟာမိတ်အစ္စရေး ဒါမှမဟုတ် အီရန်ဘက်က သဘောတူမလားဆိုသည်ကို ဗုဒ္ဓဟူးနေ့ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးတာကို ကြေညာခဲ့ပေမဲ့ ထရမ့်ပ်က အမေရိကန်ရေတပ်က အီရန်ရဲ့ ကုန်သွယ်ရေးကို ပင်လယ်ကတဆင့် ဆက်ပိတ်သွားမယ်လို့ ပြောပါတယ်။
ပိတ်ဆို့မှုကို အီရန်က စစ်ပြုခြင်းလို့ ယူဆထားပါတယ်။ ပိတ်ဆို့မှုရဲ့ တစိတ်တပိုင်းအဖြစ် ပင်လယ်ပြင်မှာ အီရန်ရဲ့ စီးပွားဖြစ်သင်္ဘော ၂ စင်းကို ကြားဖြတ်ဖမ်းဆီးမှုအတွက် အီရန်က အမေရိကန်ရေတပ်ကို ရှုတ်ချခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကို “ပင်လယ်ဓားပြမှုနဲ့ နိုင်ငံတော်အကြမ်းဖက်မှု” တွေနဲ့ စွပ်စွဲခဲ့ပါတယ်။
အမေရိကန်နဲ့အတူ တခြားနိုင်ငံတွေ အတော်များများကလည်း ဟော်မုဇ်ရေလက်ကြားမှာ ရေကြောင်းသွားလာခွင့်ကို တားဆီးမှုအတွက် အီရန်ကို ရှုတ်ချခဲ့ကြပါတယ်။










