အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်၊ ရှရိဗ်ပို့တ်မြို့မှာ ဧပြီ ၁၉ ရက်က သေနတ်သမားတယောက် ပစ်ခတ်ခဲ့တာကြောင့် သူ့သားသမီး ၇ ယောက် အပါအဝင် အရွယ်မရောက်သေးသူ ၈ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကလေးတွေဟာ အသက် ၁ နှစ်ကနေ ၁၄ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုမှာ အမျိုးသမီး ၂ ယောက်လည်း ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပြီး ဆေးရုံမှာ ကုသနေရပါတယ်။
သေနတ်သမားဟာ ဒဏ်ရာရရှိတဲ့ အမျိုးသမီးတယောက်ရဲ့ ခင်ပွန်းဖြစ်သူ ရှမာ အယ်လ်ကင်စ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ပစ်ခတ်မှုအပြီး ကားမောင်းထွက်ပြေးတဲ့ အယ်လ်ကင်စ်ကိုတော့ ရဲတပ်ဖွဲ့က အသေမိခဲ့ပါတယ်။
ရှရိဗ်ပို့တ် မြို့တော်ဝန် တွမ်အာစီနိုးက “ဒါဟာ ကြေကွဲဖွယ်အခြေအနေဖြစ်ပြီး ကျနော်တို့ ကြုံဖူးသမျှထဲမှာ အဆိုးရွားဆုံးဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ အကူအညီတွေ ပိုလိုအပ်နေတယ်လို့ ပြည်နယ်အထက်လွှတ်တော်အမတ် ဆမ်ဂျန်ကင်းစ်က ထောက်ပြပါတယ်။
ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပါတယ်။ ဒီအဖြစ်အပျက် မတိုင်ခင်အထိ အမေရိကန်နိုင်ငံမှာ ဒီနှစ်ထဲ လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှု ၁၁၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ Gun Violence Archive မှတ်တမ်းတွေအရ သိရပါတယ်။










