
အီရန်က ကာတာနိုင်ငံကို မတ်လမှာ တိုက်ခိုက်မှုအပြီး ရပ်ထားတဲ့ လုပ်ငန်းတွေကို ပြန်စနေချိန် ဇွန် ၂၁ ရက်က ကာတာနိုင်ငံရဲ့ ရက်စ်လာဖန် သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံ ပေါက်ကွဲခဲ့လို့ လူ ၁၃ ယောက် သေဆုံးပြီး ၆၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကာတာနိုင်ငံရဲ့ စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၂၂ ရက်မှာ ပြောပါတယ်။
ပေါက်ကွဲမှုမှာ သေဆုံးသူအားလုံးဟာ အိန္ဒိယနဲ့ ပါကစ္စတန်က လာသူတွေဖြစ်တယ်လို့ Qatar Energy လုပ်ငန်းရဲ့ စီအီးအို ဆာဒ် အယ်လ်-ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။
ဒါက မတော်တဆမှုတခုဖြစ်ပြီး ဖျက်ဆီးမှု ဒါမှမဟုတ် ရန်လိုတဲ့ သဘောသဘာဝ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး အရေးပေါ်ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်တွေကြောင့် စက်ရုံထုတ်လုပ်မှုကို ရည်ရွယ်ချက်ရှိရှိ လုံးဝရပ်တန့်ထားခဲ့ပြီး လွန်ခဲ့တဲ့ ၂ ရက်ကမှ ပြန်စ လည်ပတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်အတွက် အန္တရာယ်မရှိဘဲ စက်ရုံရဲ့ ပို့ကုန်စွမ်းရည်ကိုလည်း မထိခိုက်ဘူးလို့ သူက ပြောပါတယ်။
ဒိုဟာမြို့လယ်တလျှောက် ကီလိုမီတာ ၇၀ ကျော်အကွာက ဒေသခံတွေကို ထိတ်လန့်စေတဲ့ ပေါက်ကွဲမှုကို စပြီး စုံစမ်းစစ်ဆေးနေပြီလို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
အမေရိကန်စစ်စခန်းကြီးတခုကို လက်ခံထားတဲ့ ကာတာနိုင်ငံဟာ အီရန်စစ်ပွဲအတွင်း အီရန်က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို အကြိမ်ကြိမ် ခံခဲ့ရတာပါ။
မကြာသေးမီက ကုန်စည်တွေ ပြန်စပြီး မတင်ပို့မီ ပင်လယ်ကွေ့ထဲမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝဓာတ်ငွေ့ရည် LNG အထောက်အပံ့ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ပိတ်မိနေခဲ့ပါတယ်။
Source: Reuters










