
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရွှေကွန်ချာ (Golden Dome) ဒုံးကျည်ကာကွယ်ရေး အစီအစဉ်တွေနဲ့ ဝါရှင်တန်ရဲ့ “တာဝန်ယူမှုမရှိ” တဲ့ နျူကလီးယားမူဝါဒကို တရုတ်နဲ့ ရုရှား ခေါင်းဆောင်တွေက တညီတညွတ်တည်း ရှုတ်ချခဲ့ကြပါတယ်။
ပေကျင်းမှာ မေ ၂၀ ရက်က ကျင်းပခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နှစ်ဖက်ဆက်ဆံရေး အားကောင်းခိုင်မာမှုကို အမွှမ်းတင်ခဲ့ကြပေမဲ့ ဓာတ်ငွေ့ သဘောတူညီမှုတော့ မရခဲ့ပါဘူး။
ဒီဆွေးနွေးပွဲဟာ အမေရိကန်သမ္မတကို ပေကျင်းမှာ လက်ခံတွေ့ဆုံခဲ့ပြီး သီတင်းတပတ်အကြာမှာပဲ ပူတင်နဲ့ ထပ်တွေ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ရုရှားကြားက နျူကလီးယားလက်နက် ကန့်သတ်ရေးစာချုပ် သက်တမ်းကုန်ဆုံးသွား တာကို အမေရိကန်က လျစ်လျူရှုထားတဲ့အပေါ် ပူးတွဲကြေညာချက်မှာ ဝေဖန်ထားပါတယ်။
လုံခြုံရေးကိစ္စတွေမှာ သဘောထားတိုက်ဆိုင်ပေမဲ့ တရုတ်ကို သဘာဝဓာတ်ငွေ့ နှစ်ဆပိုတင်ပို့နိုင်မဲ့ Power of Siberia 2 ပိုက်လိုင်းစီမံကိန်းအတွက်တော့ သဘောတူညီချက် မရခဲ့ပါဘူး။
ဥရောပဈေးကွက်ကို ဆုံးရှုံးထားတဲ့ ရုရှားအတွက် ဒီသဘောတူညီချက်က ပိုအရေးတကြီး လိုအပ် နေပေမဲ့ ဈေးနှုန်းနဲ့ စာချုပ်စည်းကမ်းတွေမှာ သဘောထားကွဲလွဲနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့လည်း ရှီနဲ့ ပူတင်တို့က စွပ်စွဲပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အန္တရာယ်သစ်တွေနဲ့ ရင်ဆိုင်နေရပြီး တောတွင်းဥပဒေသလို ဖြစ်လာနိုင်ခြေ ရှိတယ်လို့လည်း ပူးတွဲကြေညာချက်မှာ သတိပေးထားပါတယ်။
နိုင်ငံရေးအရ ယုံကြည်မှုတွေ ပိုနက်ရှိုင်းလာတာကြောင့် အခုလို ဆက်ဆံရေး ကောင်းမွန် လာတာ ဖြစ်ပြီး ဉာဏ်ရည်တု (AI) နည်းပညာကစလို့ ရှားပါးတိရစ္ဆာန်ထိန်းသိမ်းရေးအထိ နယ်ပယ်ပေါင်းစုံ မှာ ပူးပေါင်းသွားဖို့လည်း နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။
Source: Reuters










