
တရုတ်ပြည်မှာ လူသတ်မှုကျူးလွန်ပြီး ထိုင်းနိုင်ငံမှာ မှတ်ပုံတင်အတုနဲ့ နှစ်ပေါင်း ၃၀ ကျော် ပုန်းရှောင်နေထိုင်သူ တရုတ်သူဌေးတယောက်ကို ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။
ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်သူ အသက် ၆၇ နှစ်ရွယ် နိုင်းဆူချတ် စူရချိုင်း ခေါ် ဆူစန် ဆိုသူမှာ လွန်ခဲ့တဲ့ ၃၆ နှစ်က တရုတ်ပြည် ထိုက်ကျိုမြို့မှာ လူသတ်မှုကျူးလွန်ပြီး ဖမ်းဝရမ်းထုတ်ခံထားရ သူဖြစ်ကြောင်း၊ သူ့ကို ကူညီဖမ်းဆီးပေးဖို့ တရုတ်အာဏာပိုင်တွေက အကြောင်းကြားလာ တာကြောင့် လိုအပ်သလို စုံစမ်းထောက်လှမ်းပြီး စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက ချွန်းပူးရီးခရိုင် ပတ္တယားနယ်မြေ ဘန်လမွန်းမြို့ နောင်ပရီရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရမ်း နွန်းမားက သတင်းထောက်တွေကို ပြောပါတယ်။
ဒီမတိုင်ခင်က သူဟာ ထိုင်းနိုင်ငံကူးလက်မှတ်နဲ့ တရုတ်ပြည်ကို ပြန်သွားခဲ့တယ်။ တရုတ်လူဝင်မှုကြီး ကြပ်ရေးဌာနက သူ့ရဲ့ထိုင်းမှတ်ပုံတင်နဲ့ နိုင်ငံကူးလက်မှတ်ပေါ် သံသယရှိပြီး ဘိုင်အိုမက်ထရစ် လူပုဂ္ဂိုလ်ဆိုင်ရာသင်္ကေတ မျက်လုံး၊ လက်ဗွေရာတွေရော ဝရမ်းပြေးသူတွေရဲ့ အချက်အလက် တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လူသတ်မှုကျူးလွန်ခဲ့သူ ဖြစ်နေတာကြောင့် ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်း ကြားခဲ့တာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့တွေရဲ့ စုံစမ်းချက်အရ သူဟာ လွန်ခဲ့တဲ့ ၃၅ နှစ်က တရုတ်ပြည်ကနေ ထွက်ခွာပြီး မြန် မာပြည်သို့ ဝင်ရောက်တယ်။ မြန်မာပြည်ကနေ ထိုင်းနယ်စပ်ဖြတ်ကျော်ပြီး တာ့ခ်ခရိုင် ဖုပ်ဖရ မြို့နယ်ထဲမှာ ကရင်တိုင်းရင်းသားမှတ်ပုံတင်ကတ်ကို ဘတ် ၅၀,၀၀၀ နဲ့ ဝယ်ယူကာ ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိခဲ့တယ်။
အဲဒီနောက် ချွန်းပူးရီးခရိုင်၊ ပတ္တယားမှာ အခြေချပြီး ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်လုပ်ငန်းတွေလုပ်တယ်။ သူထောင်ထားတဲ့ ကုမ္ပဏီ ၅ ခုရှိတယ်။ စက်တင်ဘာ ၁၂ ရက်က သူ့ရဲ့နေအိမ်မှာ သွားရောက်စစ်ဆေးပြီး လက်ရှိနေအိမ်၊ အခြားမြေကွက် ၁၁ ကွက်ရဲ့ ဂရန် နဲ့ ကား ၆ စီး စုစုပေါင်းတန်ဖိုး ဘတ်သန်းပေါင်း ၉၀ ကျော်ကို ကနဦး သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
သူဟာ ထိုင်းမှာ တရုတ်အမျိုးသမီး တယောက်နဲ့ လက်ထပ်ထားတယ်။ ၁၂ နှစ်ရွယ် အမြွှာသားနဲ့ သမီးရှိပြီး ကလေးတွေမှာ ထိုင်းနိုင်ငံသားကတ်တွေ ရရှိပြီးဖြစ်တယ်။
ထိုင်းရဲတပ်ဖွဲ့က လောလောဆယ်သူ့ကို ဌာနဆိုင်ရာတာဝန်ရှိသူများအား မမှန်ကန်အချက်အလက် များ လိမ်လည်ပြောဆိုမှု၊ မမှန်ကန်သော သက်သေအထောက်အထားကိုင်ဆောင်မှု၊ အစိုးရ ဝန်ထမ်းတွေကို လာဘ်ထိုးမှုတွေနဲ့ ကနဦး အရေးယူထားပြီး အမှုစီရင်ပြီးက ပြည်နှင်ဒဏ်ပေးကာ တရုတ်အာဏာပိုင်လက်ထဲ ပြန်အပ်မယ်။
ပိုင်ဆိုင်မှုတွေကိုလည်း ပြန်လည်စစ်ဆေးပြီး ဥပဒေနဲ့အညီ စီမံခန့်ခွဲသွားမယ်၊ ထိုင်းမှတ်ပုံတင်ထုတ် ပေးခဲ့တဲ့ ဖုပ်ဖရမြို့နယ်ရုံးက တာဝန်ရှိသူတွေလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ သတင်းစာရှင်း ပွဲမှာ ပြောသွားပါတယ်။
Source - Honekrasae News / MCOT News











