
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ကြီးမှူးကျင်းပတဲ့ ၈၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အကြိုဂုဏ်ပြုညစာစားပွဲ တက်ရောက်ခဲ့တဲ့ မြန်မာစားသောက်ဆိုင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် သပိတ်မှောက် ဖို့နဲ့ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ ဂျပန်ရောက် မြန်မာအသိုက်အဝန်းက တိုက်တွန်း လိုက်ပါတယ်။
အဲဒီပွဲကို Shwe BaBa (တာကာဒါနိုဘာဘာ - Takadanobaba ရှိ စားသောက်ဆိုင်) ပိုင်ရှင် ဦးမင်းသူနဲ့ ဇနီး၊ Zuu & Hein ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ၊ The Coffee Mark ဆိုင်ပိုင်ရှင် အမျိုးသမီးစတဲ့လုပ်ငန်းရှင်တွေကို အာဏာသိမ်းစစ်အုပ်စုကို ထောက်တိုင်ပြုပေးနေတဲ့ စီးပွားရေးသမားတွေအဖြစ် သတ်မှတ်ကာ၊ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေကို ဝယ်ယူ အားပေးတာ မလုပ်ဖို့ သပိတ်မှာက်ထားတာလို့ FNCC Burma Fact Check Community ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
NUG Support Team Tokyo ကလည်း အဲဒီ စီးပွားရေးလုပ်ငန်းရှင်တွေကို တော်လှန်ပြည်သူတွေ နဲ့အတူ ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
ဒါ့အပြင် အဲဒီဆိုင်တွေမှာ ရောင်းချဖို့ စီစဉ်ထားတဲ့ "နွေဦးသင်္ကြန်" ကြိုတင်လက်မှတ်တွေကို ဆက်လက် ရောင်းချခွင့် မပြုတော့ဘဲ အမြန်ဆုံး ပြန်လည်သိမ်းဆည်းသွားမယ်လို့ ကြေညာခဲ့ ပါတယ်။
အဲဒီလုပ်ငန်းရှင်တွေရဲ့ လုပ်ရပ်အပေါ် CDM သံအရာရှိ ဦးအောင်စိုးမိုးက “သံရုံးအခမ်းအနားသို့ တက်ရောက်ရုံနဲ့ လူရာဝင်သည်ဟု ထင်မြင်နေခြင်း၊ ဆိုရှယ်မီဒီယာပေါ်တွင် ဝတ်ကောင်းစားလှ များဖြင့် ကြွားဝါလိုခြင်းတို့မှာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု (Mental illness/disorder) သာဖြစ်ကြောင်း စစ်မှန်သော တန်ဖိုး - လူရာဝင်ခြင်းဆိုသည်မှာ လူသားဆန်သည့်စိတ်၊ ကိုယ်ချင်းစာ တရားနှင့် မြင့်မြတ်သော စိတ်ထားများအပေါ်တွင်သာ မူတည်ကြောင်း”သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားပါတယ်။
အခုလို သပိတ်မှောက်ရတာဟာ တော်လှန်ရေးအသိုက်အဝန်းအတွင်း စီးပွားရေးသမားအသွင်နဲ့ စိမ့်ဝင်ကာ ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ကိုယ်ကျိုးရှာ အခွင့်အရေး သမားတွေ ကို ဖယ်ရှားဖို့ ဖြစ်တယ်လို့ FNCC က ပြောပါတယ်။
“အချိန်မရွေး သစ္စာဖောက်နိုင်သူတွေကို အချက်အလက်တိကျစွာ ဖော်ထုတ်ကာ စီးပွားရေးအရ သပိတ်မှောက်တာ (Boycott)နဲ့ လူမှုရေးအရ ပြစ်ဒဏ်ပေးခြင်း (Social Punishment) တို့ကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒါမှသာ တော်လှန်ရေးအင်အားစုတွေ သန့်စင်ကာ ပိုမိုကောင်းမွန်တဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက်နိုင်မှာဖြစ်ကြောင်းနဲ့ ကြီးကြီးမားမား မတွေးချင်ရင် တောင် မတရားသတ်ဖြတ်ခံရသူတွေအတွက် အနည်းဆုံးတော့ ငါတို့ Boycott မှာ ထိထိ ရောက်ရောက်နဲ့ ပါ၀င်နိုင်တယ် ဆိုတဲ့လုပ်ရပ်နဲ့ ဖိနှိပ်မှုကို တွန်းလှန်ပြကြပါလို့ တိုက်တွန်းချင် ပါတယ်”လို့ DVB ကို ပြောပါတယ်။
ဇော်ဇော်လှိုင်










