
စစ်အာဏာရှင်သမ္မတက ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေချိန်မှာပဲ တခြားတဖက်မှာတော့ ကရင်နီပြည်နယ်က မြို့နယ်တချို့ အပါအဝင် တနိုင်ငံလုံးက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ သက်တမ်းတိုးကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ စစ်ရေးအရ ဖိအားပေးဖို့ ကြိုးစားတာဖြစ်လို့ ကရင်နီ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က သတိပေး နှိုးဆော်လိုက်ပါတယ်။
စစ်အာဏာရှင်သမ္မတက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မြို့နယ် ၆၀ အရေးပေါ် အခြေအနေကို ဧပြီ ၂၃ ရက်မှာ ရက်ပေါင်း ၉၀ ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာခံရတဲ့အထဲမှာ ကရင်နီပြည်နယ်က ရှားတော၊ မယ်စဲ့နဲ့ ဖားဆောင်း မြို့နယ်တွေ ပါဝင်နေပြီး မြေပြင်မှာ ရှားတောနဲ့ မယ်စဲ့မြို့ဟာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်တပ်ကင်းစင်နယ်မြေတွေ ဖြစ်ပါတယ်။
ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့အချိန်မှာပဲ ကရင်နီပြည်နယ်အပါအဝင် မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ ထပ်ပြီးသက်တမ်းတိုးတာဟာ စစ်ရေးဖိအားပေးဖို့သာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထောက်ပြပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အယောင်ပြပြီး မြေပြစစ်ဆင်ရေးတွေမှာ အရှိန်မြင့်လာနိုင်တဲ့ အတွက် ကရင်နီပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့အပြင် လေကြောင်းရန်ကိုပါ ဂရုစိုက်ကြဖို့ IEC အတွင်းရေးမှူး ၂ ဦးဗညားခွန်အောင်က သတိပေး နှိုးဆော်ထားပါတယ်။
“ဒီဟာက ဘာနဲ့သွားချိတ်ဆက်လို့ရလဲ ကြည့်လို့ရလဲဆိုရင် မင်းအောင်လှိုင်က ရက်ပေါင်း ၁၀၀ ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တဲ့ပုံစံမျိုး တွေ့ရတယ်။ အခြားတဖက်မှာလည်း အခုလိုမျိုး စစ်ရေးအရ ကျနော်တို့ မာရှယ်လောလိုမျိုး အမိန့်ပေါ့နော်၊ ထပ်ကြေညာလိုက်တော့ စစ်ရေးဖိအားတွေ ပိုပြီးတော့မှ ပေးလာနိုင်ခြေရှိတယ်။ ဒါကတော့ ကျနော် ပြောပြောနေကြ အာဏာရှင်အစိုးရတွေက အမြဲတမ်းလုပ်နေကြ၊ တဖက်မှာ ဆွေးနွေးပွဲ ဖိတ်ခေါ်တယ်၊ တဖက်မှာ စစ်ရေးအရ အပြင်းအထန် ဖိအားပေး တိုက်ခိုက်တာပေါ့။ အဲဒါက လုပ်နေကြအလုပ်တခုရဲ့ပုံစံ အရင်အတိုင်းပေါ့ လုပ်နေတာ တွေ့ရတယ်။”
တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ ဒီးမော့ဆို၊ ဖရူဆိုနဲ့ မိုးဗြဲမြို့နယ်တွေကိုတော့ စစ်တပ်ရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်တဲ့စာရင်းမှာ ထည့်သွင်းထားတာ မတွေ့ရပါဘူး။
အဲဒီမြို့နယ်တွေကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်လို့ ပုံဖော်လိုပုံရပေမဲ့ မြေပြင် အခြေအနေမှာတော့ စစ်အာဏာရှင်တပ်တွေဟာ အဲဒီဒေသတွေကိုပါ စိုးမိုးနိုင်တာ မရှိသေးပါဘူး။
အရေးပေါ်အခြေအနေ ထုတ်ပြန်တဲ့နေ့မှာပဲ ဒီးမော့ဆိုမြို့အနီးကို အင်အား ၅၀ ခန့်ပါတဲ့ စစ်တပ် စစ်ကြောင်း ထိုးစစ်ဆင်လာတဲ့အတွက် ထိတွေ့မှုတွေဖြစ်ခဲ့ပြီး စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ ဒီးမော့ဆိုအခြေစိုက် စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
“အင်အားအလုံးအရင်းနဲ့တော့ ထိုးနိုင်ခြေတော့ ရှိတယ်။ အင်အားတွေ စုဆောင်းနေတာလည်း ကြာပြီလေ၊ လမ်းပွင့်သွားကတည်းက ကျနော်တို့ဘက်ကတော့ စောင့်ကြည့်ရမဲ့ အခြေအနေမျိုးပဲ ဖြစ်မယ်ထင်တယ်။”
၁၁၁၁ စစ်ဆင်ရေးအတွင်းမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဟာ မယ်စဲ့နဲ့ ရှားတော အပါအဝင် နယ်မြေအများအပြားကို အပြီးသတ် စိုးမိုးနိုင်ခဲ့သလို ပြည်နယ်မြို့တော် လွိုင်ကော်ရဲ့ နေရာ အတော်များများကိုလည်း ထိန်းချုပ်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာတော့ စစ်ကောင်စီဘက်က ဖားဆောင်းမြို့လို အချက်အချာကျတဲ့ နေရာတွေကို အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာနိုင်ခဲ့ပြီး ပြည်ထောင်စုလမ်းမကြီးရဲ့ နေရာတချို့ ပြန်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
မောရစ်










