
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်တဲ့ စစ်အာဏာရှင်တပ်တွေဟာ အနီးအနားက မော်လူးမြို့ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် မြို့အဝင် စီပိန်းရွာအနီးမှာ ဒီကနေ့ မေလ ၅ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အင်းတော်ဘက်ကနေ မော်လူးကို စစ်ရှောင်လာသူတွေနဲ့ ဒေသခံသောင်းနဲ့ချီဟာ ကချင်ပြည်နယ်ဘက်က တောတောင်တွေထဲကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မနေ့ထဲက လက်နက်ကြီးတွေ ကြားနေရတာ။ ညရောက်တော့ စစ်ကြောင်းထိုးတယ်။ အခု ဒီမနက် စစ်ကြောင်းက စီပိန်းရွာထိ ရောက်နေလို့ တိုက်ပွဲတွေ တော်တော်ဖြစ်နေတယ်။ စီပိန်းကျော်လာရင် မော်လူးမြို့ထဲအထိ ရောက်ပြီ။ လောလောဆယ် အင်းတော်ဘက်က ရှောင်လာတဲ့သူတွေရယ် ဒေသခံတွေရယ် ကချင်ပြည်နယ်ဘက်က တောတွေထဲ ဝင်ပြေးနေရတယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က တပ်မ (၃၃) နဲ့ ခမရ (၃၀၉) တို့က အင်အား ၂၀၀ ဝန်းကျင်နဲ့ မေ ၂ ရက် ကတည်းက စစ်ကြောင်းခွဲ ထိုးစစ်ဆင်လာတာဖြစ်ပြီး မြို့ထဲကိုဝင်နိုင်ဖို့ လက်နက်ကြီးပစ်ကူတွေနဲ့ပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မန္တလေး-မြစ်ကြီးနား လမ်းမပေါ်က မော်လူးမြို့ဟာ စစ်တပ်အတွက် ကချင်ပြည်နယ်အတွင်းက မြို့တွေဆီ စစ်ကူနဲ့ ရိက္ခာပို့ဖို့ အရေးပါသလို၊ တော်လှန်ရေးတပ်ဖွဲ့တွေအတွက်လည်း စစ်တပ်ရဲ့ မြေပြင်ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ထားနိုင်တဲ့ အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။
Photo : Google Map










