DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် အပိုင်းပိုင်းခုတ်ထားသည့် မြန်မာအမျိုးသမီးအလောင်းတွေ့၊ ဦးခေါင်းနှင့် ကလီစာ ပျောက်ဆုံးနေ
DVB
·
June 12, 2026
Photo: dailynews.co.th
Photo: dailynews.co.th
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရာ့ချ်ဝီထီနယ်မြေ မဂ္ဂဆန်ရပ်ကွက်ရှိ တိုက်ခန်းတခုထဲမှာ အပိုင်းပိုင်းခုတ်ပြီး ပလတ်စတစ်ပုံးထဲ ထည့်ထားတဲ့ မြန်မာအမျိုးသမီးအလောင်း တွေ့ရှိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကနေ့ ဇွန် ၁၂ ရက် မနက် ၃ နာရီခွဲလောက်က မဂ္ဂဆန်ရပ်ကွက် ရာ့ချ်ပရာရုပ် ၁၄ လမ်းရှိ တိုက်ခန်းတခုမှာ မြန်မာအမျိုးသမီးတယောက် အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံရကြောင်း တိုင်ကြားချက်ရတာကြောင့် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ ရာမာဓိပတိဆေးရုံဆရာဝန်၊ ရုမ့်ကသန် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒင်ဒဲန်းနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ကျ ဒုရဲအုပ် ဖိဆစ် လာ့အင်ချေ့က သတင်းထောက်တွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့က စီစီတီဗီ ကင်မရာမှတ်တမ်းတွေ ပြန်စစ်ရာမှာ သေဆုံးသူရဲ့ခင်ပွန်းက သေတ္တာကြီးတလုံးကို တိုက်ခန်းကနေ ဆွဲထုတ်သွားတာ တွေ့ရပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၄ နှစ်ရွယ် မြန်မာအမျိုးသမီး အေးအေးနွယ် ဖြစ်ပြီး အဲဒီအခန်းမှာ ငှားနေတယ်၊ ခလောင်းဒွေနယ်မြေရှိ စားသောက်ဆိုင်တဆိုင်မှာ စားပွဲထိုးလုပ်နေတယ်။ ဒီမတိုင်ခင်ကတည်းက သူပျောက်ဆုံးနေလို့ ဆွေမျိုးတွေက လိုက်လံရှာဖွေနေတာလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုချက်ရဖို့ ဆေးရုံနဲ့ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းရမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လူသတ်မှုကျူးလွန်ကြောင်း သံသယအရှိဆုံးမှာ သေဆုံးသူရဲ့ ခင်ပွန်း အောင်ပြည့် ဖြစ်တယ်၊ သူကတော့ ဖစ်ချ်ပူရီမှာ စားဖိုမှူးအလုပ် လုပ်နေတယ်၊ လောလောဆယ် ပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့က သူ့ကို အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။

ဒင်ဒဲန်းနယ်မြေရဲစခန်းမှာ လာရောက်တိုင်ကြားသူမှာ မအေးအေးနွယ်ရဲ့ ဆွေမျိုးတော်စပ်သူ အောင်မျိုးဝင်း ဖြစ်ပါတယ်။ ဒီမတိုင်ခင်က သူ့အစ်မ ပျောက်နေလို့ တိုက်ခန်းပိုင်ရှင်ထံ ခွင့်တောင်းပြီး အဲဒီအခန်းထဲ ဝင်ကြည့်တယ်၊ အခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားပုံ ရှုပ်ပွနေပြီး အပုပ်နံ့တွေရတယ်၊ ခုတင်ခေါင်းရင်း ဝရန်တာဘက်မှာ အနက်ရောင် ပလတ်စတစ်သေတ္တာတွေ့ပြီး ဖွင့်ကြည့်တော့ သွေးပျက်စရာအလောင်းကို တွေ့ပြီး ရဲစခန်းကို အကြောင်းကြားတာလို့ ဆိုပါတယ်။

အခုလို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်သွားတာဟာ သေဆုံးသူမှာ နောက်ရည်းစားရှိတာကြောင့် ခင်ပွန်းဖြစ်သူက သဝန်တိုပြီး ကျူးလွန်သွားတာ ဖြစ်နိုင်တယ်လို့ ကနဦး သုံးသပ်ထားပါတယ်။

အဆိုပါ ဘန်ကောက်မှာပဲ ဇွန် ၁၁ ရက်က ဖယားထိုင်းနယ်မြေ ရာ့ချ်ဝီထီ ၇ လမ်းသွယ်ရှိ အပတ်မဲန့် တိုက်ခန်းတခုထဲမှာ ဝိုင်ယာကြိုးနဲ့ အသတ်ခံထားရတဲ့ မြန်မာအမျိုးသမီးတယောက် အလောင်းကို တာဝန်ရှိသူတွေ တွေ့ရှိခဲ့ပါသေးတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တခန်းတည်း အတူရှိနေခဲ့တဲ့ မြန်မာနိုင်ငံသား ကိုထွေး (ပျောက်ဆုံးနေသူ) ကို စုံစမ်းရှာဖွေနေပြီး တခြား သံသယရှိသူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့  ဖယားထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Source: Daily News / MGR Online / ThaiPBS News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013