DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် ရွှေတူးဖော်မှုကြောင့် ရေအရင်းအမြစ်ညစ်ညမ်းပြီး လယ်စိုက်မရ ဖြစ်နေ
DVB
·
March 24, 2026
ကွတ်ခိုင်မြို့က ရွှေလုပ်ကွက်တခု။ (Photo : DVB)
ကွတ်ခိုင်မြို့က ရွှေလုပ်ကွက်တခု။ (Photo : DVB)
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ နှစ်ရှည် ရွှေတူးဖော်တဲ့အတွက် ရေအရင်းအမြစ်တွေ ပျက်စီးလာပြီး လယ်ယာမြေဧက ၂၀၀ လောက် စိုက်ပျိုးလို့မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်က ဒေသတချို့မှာ နှစ်ရှည် ရွှေတူးဖော်တဲ့အတွက် ရေအရင်းအမြစ်တွေ ပျက်စီးလာပြီး လယ်လုပ်ဖို့ ခက်ခဲလာတာကြောင့် လယ်ယာအလုပ်ကို စွန့်လွှတ်သူတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပန်ကိုင်ရွာတောင်ကြောတလျှောက်နဲ့ မုန်းလောင်းချောင်း အထက်ပိုင်းမှာ ရွှေတူးဖော်တာတွေ များလာပြီး ရွှေတူးဖော်ရာက ထွက်တဲ့ ရွှံ့မြေတွေဟာ လယ်နဲ့ ရေမြောင်းတွေအတွင်း ဝင်ရောက်လာပြီး အပင်တွေ မပေါက်နိုင်တဲ့အတွက် သစ်တောတွေလည်း ပြုန်းတီးလာတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “NLD အစိုးရလက်ထက်က ပိတ်ထားတဲ့ ရွှေတောကို အခုပြန်လုပ်နေကြတာ။ ရှမ်းမြောက်မှာ တရုတ်တွေ ခြေရှုပ်နေပြီး စီးပွားရေးကောင်းနေကြတယ်။ ကျနော်တို့ကတော့ စပါးတွေ စိုက်မရလို့ ဒုက္ခရောက်တာပေါ့ဗျာ။ မိုးကုတ်ကနေ စစ်ရှောင်လာတဲ့သူတွေလည်း ရွှေမျောတွေမှာ လုပ်နေကြတာ တွေ့တယ်။ ရေလည်း တော်တော်ရှားနေပြီ။ ရွှေတူးတာက တနှစ်ပြီး တနှစ် ပိုးဆိုးလာနေတာပါ။ အာဏာသိမ်းပြီးနောက် ရွှေတူးတာ ပိုဆိုးလာတယ်။ အရင်တုန်းကတော့ ဒေသခံတွေ နည်းနည်းတော့ ထိန်းလို့ရသေးတယ်။ လယ်တောဝင်ရမဲ့အချိန်တွေဆို နည်းနည်းပါးပါး ပြောလို့ရသေးတယ်။ အခုနောက်ပိုင်းက ပြောလို့မရတော့ဘူး။ လက်ရှိ လယ်စိုက်နေတဲ့ လယ်ကွက်တွေမှာလည်း ငွေကုန်ကြေးကျ အများကြီးခံပြီး ရေလာမြောင်းတွေ တူးထားပေမဲ့ ရွှေမျှောတွေကလာတဲ့ မြေစာတွေကြောင့် အကုန် ပြန်ပိတ်ကုန်လို့ ဒုက္ခတွေ ရောက်နေကြတယ်။ တချို့တွေကတော့ လယ်လုပ်မရလို့ ရောင်းထုတ်လိုက်ကြပြီ” လို့ ပြောပါတယ်။

ရွှေတူးဖော်ရာကနေ ထွက်လာတဲ့ ရွှံ့မြေစာတွေဟာ လယ်ယာမြေတွေထဲကို ဝင်ရောက်ပြီး ဖုံးလွှမ်းလာတဲ့အတွက် အရင်ကလို အထွက်နှုန်းမရတော့ဘဲ လယ်သမား အများအပြားဟာ လယ်ယာလုပ်ငန်းကို စွန့်လွှတ်လာကြတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ရွှေလုပ်ငန်းတွေမှာတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ  အများဆုံး လုပ်ကိုင်တာကို တွေ့ရပြီး NLD အစိုးရလက်ထက်မှာ ရွှေတူးဖော်တာကို ဒေသခံတွေ ဆန္ဒပြတဲ့အတွက် ပိတ်ထားခဲ့ရတဲ့ ရွှေမှော်တွေမှာလည်း ရွှေတူးတဲ့လုပ်ငန်းတွေ ပြန်လုပ်နေကြတယ်လို့ သိရပါတယ်။

ရှမ်းမြောက်သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတယောက်က “လယ်တွေ မလုပ်နိုင်ကြတော့ဘူး ဆိုတာထက် လယ်တွေ ရောင်းလိုက်ကြတာ။ ရွှေလုပ်ငန်းသူဌေးတွေက လယ်ပိုင်ရှင်တွေဆီကနေ ဝယ်ပြီး ရွှေတွေတူးလို့ အကုန်ပျက်စီးကုန်ပြီ။ မြေနီတွေက လယ်တောတွေထဲ ရောက်လာပြီး အကုန်ဖုံးလွှမ်းကုန်တာ။ ရေလဲရှားလာတယ်။ စိုက်ပျိုးလို့မရတဲ့ လယ်ဧက ၂၀၀ လောက်ရှိမယ်။ အထွက်နှုန်းကလည်း နဂိုကထက် အရမ်းလျော့သွားပြီ။ ဘာမှ စားစရာမရှိတော့ မတတ်သာလို့သာ လုပ်နေရတဲ့ အခြေအနေ ဖြစ်နေတာ။ ပြီးတော့ သစ်တောတွေလည်းပြုန်းတော့ ရေကြီးရေလျှံ ဖြစ်လာရင် ရေကို ထိန်းမရတော့ဘူး။ ပန်ကိုင်ရွာမှာ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ဒေသခံတွေ ကန့်ကွက်လို့ လယ်လုပ်မဲ့အချိန်ရောက်ရင် ရွှေတူးတာကို ရပ်ဆိုင်းခိုင်းပြီး လယ်လုပ်ပြီးမှ ပြန်တူးခိုင်းတာ။ အခုကတော့ အချိန်တိုင်းကို တူးနေတော့တာပဲ” လို့ ပြောပါတယ်။

ပန်ကိုင်ရွာဟာ တောင်ကြောမြင့်တဲ့ဒေသ ဖြစ်တဲ့အတွက် အရင်ကတည်းက ရေရှားပါးပြီး အောက်ခြေချောင်းတွေမှာပါ ရွှေကျင်လုပ်ငန်းတွေ ရှိလာတာကြောင့် သောက်သုံးရေ အရင်းအမြစ်တွေလည်း ထပ်မံထိခိုက်လာတယ်လို့ ဆိုပါတယ်။

သန့်ရှင်းတဲ့ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာဟာ လူသားတွေနဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို စောင့်ရှောက်တာဖြစ်ပြီး သစ်တောတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ မတ် ၂၂ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ရေနေ့မှာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013