
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တံတားမြို့နယ်၊ ကြပ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၈ နှစ်အရွယ် ဦးခင်မောင်ဝင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သြဂုတ် ၉ ရက် မနက်ပိုင်းလောက် နေအိမ်မှာ သေနတ်နဲ့ လာရောက်ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သေနတ်နဲ့ လာပစ်သတ်သွားတာ။ ဦးခင်မောင်ဝင်းက အုပ်ချုပ်ရေးမှူးပါ။ တခါတည်း ပွဲချင်းဆုံးသွားတယ်။ သူ့အိမ်ရှေ့မှာ ခြံစည်း ရိုးကာနေတုန်း ပစ်သတ်ခံရတာ” လို့ ပြောပါတယ်။
သေဆုံးအသက် ၆၈ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကို အမည်မသိ သေနတ်သမား ၄ ယောက် က သေနတ်ကိုယ်စီကိုင်ကာ ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး ပစ်သတ်ခဲ့တာလို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အာဏာရှင်သြဇာခံ မီဒီယာတချို့က PDF တွေက ပစ်ခတ်သတ်ဖြတ်သွားတာလို့ ရေးသားကြပေမဲ့ တော်လှန်ရေးတပ် PDF တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။










