DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီလွှတ်တော်အမတ်တွေထဲ စုန်းပြူးတွေပါလာဟု ဦးဝင်းထိန် ပြော
DVB
·
June 7, 2017
အန်အယ်လ်ဒီလွှတ်တော်အမတ်တွေထဲ စုန်းပြူးတွေပါလာဟု ဦးဝင်းထိန် ပြော
1 / 6
Donate to DVB

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကို အဆင့်ဆင့်ရွေးချယ်ခဲ့တာတောင် စုန်းပြူးတွေပါလာတယ်လို့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

ဇွန် ၆ ရက် မနက်က ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ပြည်နယ်အန်အယ်လ်ဒီရုံးမှာ အန်အယ်လ်ဒီ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်/ခရိုင်/မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။

ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က “ကျနော် ဗဟိုမှာရှိတဲ့အခါ တိုင်စာတွေတက်တယ်။ တချို့လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့် ရပ်ကျေးကို ကိုယ်တိုင်မဆင်းဘူး။ မြင်တောင်မမြင်ဖူးဘူး။ တချို့လူတွေက ဘာပြောလဲဆို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ကို လာဖို့အတွက် တိုက်တွန်းပေးစမ်းပါ။ ဖူးမြော်ချင်လွန်းလို့ အဲ့လောက်အထိ အပြောခံရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကျနော်တို့ ဗဟိုအောင်နိုင်ရေးအဖွဲ့မှာလည်း တာဝန်ရှိတယ်။ အဆင့်ဆင့် ရွေးချယ်ခဲ့တာတောင် စုန်းပြူးတွေ ပါလာတယ်” လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီစည်းရုံးရေးနဲ့ပတ်သက်လို့ ပြောကြားရာမှာ “ကိုယ့်မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေရဲ့ လိုအင်ဆန္ဒတွေ၊ အဲ့ဒီက အခက်အခဲတွေအကုန်လုံး ကိုယ်က သိအောင်လုပ်ပြီး ဆောင်ရွက်ပေးကြ။ ဆောင်ရွက်ပုံဆောင်ရွက်နည်းက နှစ်မျိုးရှိတယ်။ တမျိုးက အစိုးရဘတ်ဂျက်နဲ့ချပေးတဲ့ စီမံကိန်းမှာပါတဲ့ လုပ်ငန်းတွေ၊ တံတားဆောက်မယ်။ ကျောင်းဆောက်ပေးမယ်။ ဆေးရုံဆောက်မယ်။ ဒါက အစိုးရအပိုင်း။ နောက်တပိုင်းက ပြည်ထောင်စုလွှတ်တော်ကပေးတဲ့ သိန်း ၁၀၀၀ နဲ့ ကိုယ့်မြို့နယ်အသီးသီးမှာ လိုအပ်တဲ့ လုပ်ငန်းတွေ ပရောဂျက်တခု သိန်း ၅၀ နဲ့ လုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ၊ အဲဒါတွေကို ကိုယ်က ကိုယ်ဖိရင်ဖိ လုပ်ခြင်းအားဖြင့် ဒါက စည်းရုံးရေးတခု။ ဒီပုံစံနဲ့ လုပ်ခြင်းအားဖြင့် ကိုယ့်ကိုမဲပေးတဲ့ ပုဂ္ဂိုလ်တွေဆီက ယုံကြည်မှုရမယ်။ ယုံကြည်မှုရတော့မှ ၂၀၂၀ မှာ အခြေအနေကောင်းမယ်” လို့ ဆက်ပြောပါတယ်။

မနက်ပိုင်းမှာ ပြည်နယ်အတွင်း အန်အယ်လ်ဒီပါတီဝင်တွေနဲ့ တွေ့ဆုံရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်၊ ပါတီအတွင်း အခက်အခဲတွေ၊ ငြိမ်းချမ်းရေးဆိုင်ရာတွေကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာတဲ့ ပါတီဝင်တွေရဲ့ တင်ပြချက်တွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး နေ့လယ်ပိုင်းမှာ လူငယ်အဖွဲ့ဝင်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး လူငယ်ရေးရာ မူဝါဒတွေကို ပြောကြားခဲ့ပါတယ်။

ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာ၊ ရပ်ကျေးဥက္ကဋ္ဌ ဦးထွန်းဝေကတော့ ပါတီထဲမှာ ပြည်သူအတွက် အမှန်တကယ် အလုပ်လုပ်သူတွေ ရှိစေချင်တယ်လို့ ပြောပါတယ်။

“ပါတီက လက်ရှိ အာဏာအစိုးရ ဖြစ်တယ်။ ဒါပေမယ့် အာဏာ အပြည့်အဝရတယ်လို့ မထင်ဘူး။ ဘာကြောင့်လဲ၊ လက်တွေ့ကိုကြည့်လေ၊ အပြည့်အဝ လုပ်ကိုင်ခွင့် လုပ်ပိုင်ခွင့်ရှိတယ်လို့ မထင်ဘူး။ ပါတီအတွင်းမှာလည်း ပြည်သူအတွက် အမှန်တကယ် အလုပ်လုပ်တဲ့သူတွေကို ပါတီမှာရှိစေချင်တယ်” လို့ ပြောပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်/ခရိုင်/မြို့နယ် ၇ မြို့နယ်က အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဥက္ကဋ္ဌ၊ ပါတီဝင်၊ လူငယ်အဖွဲ့ဝင် အင်အား ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

သတင်း - ရဲမင်းခေါင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013