
မြန်မာနိုင်ငံမှာ မကြာမီကာလအတွင်း 5G နည်းပညာကို စတင်အသုံးပြုနိုင်တော့မယ်လို့ စစ်အာဏာရှင်အစိုးရ လက်အောက်ခံ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
စက်တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောဆိုခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေ ကျွမ်းကျင်မှု မြင့်မားလာစေဖို့လည်း သင်တန်းတွေ ပို့ချပေးနေတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့လည်း နည်းပညာကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ခုလို ပြောဆိုချက်ဟာ လက်တွေ့ မြေပြင်အခြေအနေနဲ့ လုံးဝကွာဟနေတယ်လို့ ထောက်ပြကြပါတယ်။
ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က “ကျနော်တို့က အဲဒီနည်းပညာတွေ အကုန်လုံးကို နိုင်ငံမှာ ပြောင်းလဲပြီးတော့ သုံးစွဲလိုက်တာ တခုတည်းနဲ့ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ဒီနိုင်ငံရဲ့ အခြေအနေက ခေတ်မီနည်းပညာတွေနဲ့ လူတွေပေါ်မှာ အကျုံးဝင်သွားပြီ ဆိုပြီးတော့ ပြောလို့ရတဲ့ အခြေအနေမျိုး မဟုတ်ဘူးပေါ့နော်။ ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အားလုံးကို လူတွေက လက်လှမ်းမီဖို့ဆိုတာ ကျနော်တို့က လိုအပ်တယ်ပေါ့နော်။ လူတွေရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးတွေကို ကျနော်တို့ ဘယ်လောက်အတိုင်းအတာအထိ အကာအကွယ်ပေးနိုင်သလဲ၊ ဘယ်လောက်အတိုင်းအတာအထိ လုံခြုံမှုပေးနိုင်သလဲ ဆိုတာ ကျနော်တို့ ပြန်ကြည့်ရတယ်ပေါ့နော်။ လက်ရှိမှာ နှစ်နဲ့ချီကြာပြီးတော့ လုံးဝ အင်တာနက်သုံးလို့ မရတဲ့ ဒေသတွေက မြန်မာနိုင်ငံမှာ ရှိနေတယ်။ ဒါတွေနဲ့ ပြန်ပြီး ယှဉ်ထိုးပြီး ကြည့်လို့ရှိရင်တော့ ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်နဲ့ ဒစ်ဂျစ်တယ်အပေါ်မှာ အများပြည်သူရဲ့ အကျိုးစီးပွားရမှုက တော်တော့်ကို ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ထိုးပြီး ကြည့်ရင်တောင် ကျနော်တို့က အနိမ့်ဆုံးအဆင့် ဖြစ်နေတယ်ပေါ့နော်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုအနေနဲ့ နည်းပညာကို ဖွံ့ဖြိုးရေးအတွက် အသုံးပြုတာထက် စောင့်ကြည့်ရေး ယန္တရားတွေ တိုးချဲ့တည်ဆောက်ပြီး လူထုကို ဖိနှိပ်တာ၊ ဒစ်ဂျစ်တယ် အခွင့်အရေး ချိုးဖောက်တာတွေကိုပဲ ပိုမိုလုပ်ဆောင်နေတယ်လို့ ဆက်ပြောပါတယ်။
စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ ဒေသတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာပါ။
DataReportal ရဲ့ ဒေတာတွေအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ လူပေါင်း ၁၅ ဒသမ ၁ သန်းခန့်က အင်တာနက် အသုံးမပြုနိုင်သေးဘူးလို့ သိရပါတယ်။
တဖက်မှာလည်း အင်တာနက်ရရှိတဲ့ ဒေသတွေမှာတောင် လက်ရှိ ဆက်သွယ်ရေးလိုင်း အခြေအနေတွေက အလွန်ဆိုးရွားနေဆဲပါလို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။
“ဆက်သွယ်ရေးလိုင်း အခြေအနေကတော့ ဘယ်လို ပြောရမလဲ ဆိုးတယ်လို့ပဲ ပြောရမှာပေါ့နော်။ ဆိုးပါတယ်။ ရိုးရိုးအခြေအနေမှာတောင် သုံးရတာကလေ၊ 3G ဖြစ်သွားလိုက် 4G ပြန်ပြောင်းလိုက် 3G ဖြစ်သွားလိုက် အဲဒီလိုဖြစ်နေတာ။ မီးပြတ်တဲ့အချိန်တွေဆို ပိုဆိုးတယ်ပေါ့နော်။ တာဝါတိုင်တွေကလည်း မီးစက်ဆီက မရှိတော့ မီးပြတ်တဲ့အချိန်တွေဆိုလို့ရှိရင် ဆက်သွယ်ရေးလိုင်းတွေက ပိုဆိုးတယ်ပေါ့နော်။ အိမ်ထဲနေပြီးတော့ ဖုန်းခေါ်လို့မရဘူး၊ အချင်းချင်းတော့ ဖုန်းခေါ်လို့ မရဘူး။ ဒီ အင်တာနက်သုံးတာဆိုလည်း နဂိုကတည်းကမှ လိုင်းက မကောင်းပါဘူးဆိုမှ VPN တွေ ခံလိုက်တော့ ဒီ Facebook နဲ့ ဆက်စပ်တဲ့ Application တွေ သုံးရတာလည်း အခက်အခဲ ရှိတယ်ပေါ့နော်။ ဆက်သွယ်ရေးလိုင်း အခြေအနေကတော့ မလွယ်ကူပါဘူး။ အရင်တုန်းကထက်စာရင် အများကြီး အခက်အခဲတွေ ရှိတယ်။”
အာဏာသိမ်းစစ်အုပ်စုအနေနဲ့ 5G နည်းပညာကို စတင်အသုံးပြုနိုင်တော့မယ်လို့ ဆိုထားပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံမှာတော့ အင်တာနက် ဖြတ်တောက်မှုတွေ၊ လျှပ်စစ်မီးမမှန်တာတွေ၊ ဒစ်ဂျစ်တယ်နည်းပညာကို ဖိနှိပ်ရေးအတွက်သာ အသုံးပြုနေတာတွေကြောင့် နိုင်ငံတကာ အဆင့်မီတဲ့ ဒစ်ဂျစ်တယ်စနစ်ကို ရောက်ရှိနိုင်ဖို့ အလှမ်းဝေးနေဆဲပါလို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။











