
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်က မီလျံနာရွှေဆိုင်နဲ့ ပေါ်ဦးရွှေဆိုင်ကို ဓားပြတိုက် လုယက်ရာမှာ ပါဝင်သူ ၁၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ စစ်အာဏာရှင် လက်အောက်ခံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၀ ရက်က ချမ်းမြသာစည်မြို့နယ်၊ မီလျံနာရွှေဆိုင် ဓားပြတိုက်မှုမှ ပြစ်မှုကျူးလွန်သူ သိန်းမြင့်၊ အောင်ကျော်ဇော၊ ကောင်းခန့်ကျော်၊ ထက်ဝေကျော်၊ ရှိုင်းကို၊ ကျော်စိုးဝင်း တို့ကို ဖမ်းမိခဲ့ပြီးနောက် ရွှေထည်ပစ္ဓည်းတွေ အရည်ကြိုရောင်းချပေးသူ မောင်မောင်မင်းဇော်၊ နေလင်း၊ အိအိချော၊ နှင်းသန္တာအောင် နဲ့ ခင်စန်းရီ တို့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖမ်းမိတဲ့ ၁၃ ယောက်က ဓားပြတိုက်မှု အနည်းဆုံး ၂ ကြိမ် ကျူးလွန်ဖူးတယ်။ ယောကျ်ားက ဓားပြတိုက်တယ်။ ယောက်ဖက ရွှေတွေ အရည်ကျိုပြီး ပုံဖျက်ပေးတယ် မိန်းမက ရောင်းတယ်” လို့ ပြောပါတယ်။
မီလျံနာရွှေဆိုင် ဓားပြတိုက်သူ ၆ ယောက်ထဲက ၃ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၂၀ ရက်က မဟာအောင်မြေမြို့နယ် ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ရာမှာ ပါဝင်သူတွေ ဖြစ်တဲ့အတွက် ထပ်မံစစ်ဆေးရာ ထွန်းလင်းအောင် နဲ့ သန်းစိုး တို့ကို ရွှေ ၅၀ ကျပ်သား၊ သေနတ် ၁ လက် ကျည်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မီလျံနာရွှေဆိုင် ဓားပြတိုက်ရာမှာ ပါဝင်တဲ့ အောင်ကျော်ဇော က ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်က အောင်မြေသာစံမြို့နယ်ရှိ မိုးမန္တလေးရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်သူဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းမှာ ရွှေဆိုင်နဲ့ ဘဏ်တွေ မကြာခဏ ဓားပြတိုက် လုယက်ခံရတာတွေ ရှိပြီး စစ်အာဏာရှင်လက်အောက်ခံ ရဲတွေ ဖမ်းဆီးရမိတဲ့ ဖြစ်စဥ်က နည်းတယ်လို့ မြိုခံတွေက ပြောပါတယ်။










