
တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းစုပြည်နယ် နန်ကျင်းမြို့မှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော် မြင့်တက်လာနေတာကြောင့် သန့်ရှင်းရေးဌာနက ရှေ့တန်းတာဝန်ထမ်းဆောင်နေတဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေအတွက် အလုပ်လုပ်နေချိန် အပူဒဏ်သက်သာစေဖို့ “လေအေးပေး အင်္ကျီ” တွေကို အသုတ်လိုက် ထုတ်ပေးခဲ့ပါတယ်။
ရွှမ်းဝူခရိုင်မှာတော့ လိမ္မော်ရောင် လေအေးပေးအင်္ကျီတွေ ဝတ်ဆင်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်း တွေက လမ်းတွေကို သန့်ရှင်းရေး လုပ်ဆောင်နေကြပါတယ်။
ဒီအင်္ကျီတွေမှာ အသံတိတ် အအေးပေးပန်ကာ ၂ လုံးနဲ့ သယ်ဆောင်ရလွယ်ကူတဲ့ ဘက်ထရီအထုပ် တပ်ဆင်ထားပါတယ်။
အဲဒီ အဲကွန်းအင်္ကျီဟာ လေကို လည်ပတ်စေကာ ချွေးအငွေ့ပျံနှုန်း မြန်ဆန်စေတဲ့အတွက် နွေရာသီ နေပူထဲမှာ အချိန်ကြာကြာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေရဲ့ အပူဒဏ်ကို လျှော့ချပေးနိုင်ပါတယ်။
ပါဝါဘန့်နဲ့ အားသွင်းအသုံးပြုရတဲ့ ဒီအင်္ကျီတွေဟာ တကြိမ်အားအပြည့်သွင်းထားရင် ၃ နာရီကနေ ၄ နာရီအထိ အသုံးပြုနိုင်ပါတယ်။ နေ့လယ်နားချိန်မှာ အားပြန်သွင်းလိုက်ရင် နေ့လယ်ပိုင်း အလုပ်ချိန် အတွက် ဆက်လက်အသုံးပြုနိုင်ပါတယ်။
စမ်းသပ်အသုံးပြုနေတဲ့ ကာလအတွင်း အင်္ကျီတွေကို စုဆောင်းတာ၊ ဝန်ထမ်းတွေဆီ ဖြန့်ဝေတာနဲ့ အားကို တနေရာတည်းမှာ စုပေါင်းအားသွင်းပေးတာတွေကို သန့်ရှင်းရေးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေပါတယ်။
Source: Reuters










