
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ် သစ်ပင် လဲကျပြီး အိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေ သိရပါတယ်။
ဇွန် ၂၉ ရက် မနက်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက် နေအိမ် ၂ လုံးပေါ် လုံးပတ် ၆ ပေရှိတဲ့ ညောင်ပင် လဲကျတာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ပါဝင်သူတယောက်က “ရုတ်တရက် လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် သစ်ပင် အိမ်ပေါ် လဲကျတာ။ ကံကောင်းလို့ လူသေဆုံးမှု မရှိတာ။ အိမ်တွေတော့ ပျက်စီးတာပေါ့။ သစ်ပင်က မော်လမြိုင်ခရိုင် ပညာရေးမှူးရုံးဝင်းထဲက သစ်ပင်” လို့ ပြောပါတယ်။
သစ်ပင်လဲကျတာကြောင့် လူထိခိုက်မှုမရှိဘဲ မော်လမြိုင် မြို့နယ်မီးသတ်တပ်ဖွဲ့က အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး အသုံးပြုကာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်း ဖယ်ရှားရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။











