
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းသားတွေအတွက် ဆေးရုံဆောင်မှာ ဆေးဝါး ပြတ်လပ် နေသလို အသားခွဲတမ်းကိုလည်း ထောင်အာဏာပိုင်တွေက လျှော့ချကျွေးမွေးနေတယ်လို့ အကျဉ်းဦးစီးဝန်ထမ်းတချို့က DVB ကို ပြောပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ဝန်ထမ်းတယောက်က “ဆေးရုံဆောင်က ယားနာပျောက်ဆေး၊ ခေါင်းမူး ခေါင်းကိုက်ပျောက်ဆေးတောင် မပေးတော့ဘူး။ အရေးပေါ် အသက်ကယ်အတွက်ဆိုရင် ဘာဆေးမှ မရှိတာ။ ကိုယ့်ဖာသာ အိမ်က မှာနိုင်သူတွေက အဆင်ပြေပေမဲ့ မမှာနိုင်သူတွေကတော့ ဒုက္ခ ရောက်တာပေါ့။ တချို့ နိုင်/ကျဉ်းတွေဆိုရင် အတော်လေး ဒုက္ခရောက်ကြတယ်”လို့ ပြောတယ်။
ဒါအပြင် တပတ်ကို ၄ နပ် ကျွေးမွေးတဲ့ အသားခွဲတမ်းဟာလည်း ပိုမိုသေးငယ်သွားပြီး အကျဉ်းသား တွေ အနေနဲ့ စောဒကတက်ခွင့် မရှိဘူးလို့ ဝန်ထမ်းတချို့က ပြောပါတယ်။
နောက်ထပ် အကျဉ်းဦးစီးဝန်ထမ်း တယောက်က “တနင်္လာ၊ အင်္ဂါ၊ သောကြာ၊ စနေမှာ ပေးတဲ့ အသားနဲ့ ကြက်ဥကလည်း လျော့သွားပြီ။ အသား၊ ငါး ဆိုရင် လူတယောက်ကို ၃ ကျပ်သားပဲ ခွဲတမ်း ထားတော့တယ်။ ကြက်ဥဆိုရင်လည်း တယောက်ကို တလုံး၊ တခြမ်းပဲ ပေးတော့တာ။ ဘယ်လိုလုပ် အဟာရ ပြည့်မလဲ” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်လောက်တုန်းကဆိုရင် အဲဒီထောင်မှာ လူတယောက်ကို ကြက်သား ဒါမှမဟုတ် ငါး ၁၀ ဆယ်သားလောက်နဲ့ ကြက်ဥ ၄ လုံး ခွဲတမ်းပေးတယ်လို့ အဲဒီထောင်က လွတ်မြောက်လာသူ နိုင်ကျဉ်း တယောက်က ပြောပါတယ်။
အဲဒီထောင်မှာ အကျဉ်းသားတွေဟာ အသားနဲ့ ဥ သီတင်းတပတ်ကို ၄ နပ် ရရှိပြီး ကျန်အချိန်မှာ ပဲဟင်းအရည်ကျဲနဲ့ ထောင်တွင်းထွက် ကန်စွန်းရွက်တွေနဲ့ ကျိုထားတဲ့ အချဉ်ဟင်းကိုသာ မနက်ည စားရတာ ဖြစ်ပါတယ်။
လက်ရှိ ပူပြင်းတဲ့ကာလမှာ အကျဉ်းသားတွေကြား အရေပြားရောဂါအဖြစ်များကြပြီး ဆေးဝါး ပြဿနာ ကြုံရတယ်လို့ အကျဉ်းဦးစီးဝန်ထမ်းတချို့က ပြောပါတယ်။
ဒါ့အပြင် ၁၅ ပေ ၊ ၄၀ ပေ အကျယ်ရှိတဲ့ အိပ်ခန်း တခုမှာ အကျဉ်းသား ၇၀ လောက်အထိ ထည့်သွင်း အိပ်ခိုင်းတာကြောင့် အကျဉ်းသားတွေဟာ ပြွတ်သိပ်စွာ အိပ်ကြရတယ်လို့ သူတို့က ပြောပြပါတယ်။
အဲဒီထောင်မှာ အမျိုးသမီးအိပ်ဆောင် တခု၊ အမျိုးသားအိပ်ဆောင် ၄ ခုနဲ့ ဆေးရုံဆောင်ရှိသလို ပြစ်ဒဏ်တိုက် ၂ ဆောင်လည်း ရှိပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက တခြားအမှု အကျဉ်းသားတွေအပြင် နိုင်ငံရေးအကျဉ်းသား အများအပြားကို ဖမ်းဆီးချုပ်နှောင်ထားပြီး ဒီအထဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် တခြားဝန်ကြီးတွေလည်း ဖမ်းဆီးခံထားရတယ်လို့ အကျဉ်းဦးစီးဝန်ထမ်းတချို့က ပြောပြပါတယ်။
အဲဒီအကျဉ်းထောင်ဟာ ၂၀၂၃ မေလနှောင်းပိုင်းတုန်းက နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို အကျဉ်းထောင်အပြင် ခေါ်ထုတ်ကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာကြောင့် နိုင်ကျဉ်း ၁၂ ယောက် ကျဆုံးခဲ့ဖူးပါတယ်။
တနိုင်ငံလုံးရှိ အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော် ဖမ်းဆီးခံထား ရဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရ ပါတယ်။
ဒိုက်ဦးမြို့နဲ့ အလှမ်းဝေးတဲ့ ဒီထောင်ဟာ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုးယွန်းကြီး အင်းအကျော် က မှိုင်းလုံကျေးရွာကတဆင့် ဝင်ရတာဖြစ်ပြီး ကျိုက်စကောရဲဘက်အကျဉ်းစခန်းရဲ့ အနောက်ဘက် မှာ တည်ရှိတဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။











