
မလေးရှားနိုင်ငံကနေ ရခိုင်ကိုပြန်လာတဲ့ အမျိုးသားနှစ်ယောက်ကို စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ဆေးရေးဂိတ်တခုမှာ ဩဂုတ် ၁၂ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး တယောက်ကတော့ စစ်တပ်ကရိုက်နှက်လို့ သေဆုံးသွားပြီလို့ ရန်ကုန်ကနေ ရခိုင်ကို ပြန်လာသူတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လက မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ကြ တာဖြစ်ပြီး ရန်ကုန်ကတဆင့် ရခိုင်ကိုအပြန်မှာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တခုမှာ စစ်ဆေးခံခဲ့ရပါတယ်။
သူတို့ရဲ့ ဖုန်းထဲက နိုင်ငံရေးနဲ့ ငြိစွန်းတဲ့ပုံတွေနဲ့ ရခိုင်တံဆိပ်ပါတဲ့ တက်တူးတွေ့ရှိခဲ့တာကြောင့် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာလို့ အခြေအနေကိုသိရှိတဲ့ မလေးရှားက ပြန်လာသူ တယောက် က ပြောပါတယ်။
“ရန်ကုန်ကနေ ရခိုင်ကို ပွဲစားနဲ့ အိမ်ပြန်ကြတာပေါ့။ စစ်ကိုင်းတိုင်း မြင်းမြူမြို့နယ်ထဲအရောက်မှာ စစ်ဆေးရေးဂိတ်တခုက စစ်ဆေးတော့ ဖုန်းထဲက နိုင်ငံရေးနဲ့ငြိစွန်းတဲ့ ဓာတ်ပုံပါလာသူ တဦးနဲ့ ရခိုင်တံဆိပ် တက်တူးထိုးထားတဲ့ လူငယ်တဦးကို မြင်ခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ ရခိုင်အမျိုးသား ၈ ဦးလုံးကို ဖမ်းဆီးစစ်ဆေးတာ။ ၆ ဦးကတော့ ပြန်လွတ်လာပြီးတော့ ဖုန်းထဲမှာ ဓာတ်ပုံတွေ့သူ တဦးနဲ့ ရခိုင်တံဆိပ်ကို တက်တူးထိုးထားတဲ့ လူငယ်တဦးကို ဆက်ဖမ်းဆီးထားခဲ့တယ်။ ဖုန်းထဲမှာ ဓာတ်ပုံတွေတဲ့ သူက ဗိုက်ခွဲထားရလို့ အလုပ်မလုပ်နိုင်တော့တာကြောင့် ရခိုင်ကိုပြန်လာတာ။ သူကတော့ စစ်ဆေးရေးဂိတ်မှာတင် ရိုက်နှက်ခံရလို့ သေမလိုဖြစ်နေပြီ။ ကျနော်တို့ သိရသလောက်တော့ သူဆုံးသွားပြီးလို့ ကြားရတယ်။ နောက်လူငယ်တဦးတော့ ဖမ်းဆီးခံထားရဆဲပဲ” လို့ပြောပါတယ်။
စစ်ကိုင်တိုင်း၊ မြင်းမြူမြို့နယ်အတွင်း ဖမ်းဆီးခံရသူတွေမှာ အမ်းမြို့နယ်၊ ကံကျွန်းကြီးကျေးရွာက ဦးကျော်သန်းလွင်(၄၃ နှစ်)နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က အသက် ၃၀ ဝန်းကျင်အရွယ် လူငယ် တဦးတို့ဖြစ်ကြပြီး ဗိုက်ခွဲကုသထားရတဲ့ ဦးကျော်သန်းလွင်ဟာ စစ်တပ်ရဲ့ ရိုက်နှက်မှုတွေကြောင့် သေဆုံးသွားပြီးလို့ အခြေအနေကို သိရှိထားသူတွေဆီက သိရပါတယ်။
မလေးရှားနိုင်ငံမှာ အော်ပရာစီဖမ်းဆီးခံရမှုတွေကြောင့် ရခိုင်ကရွှေ့ပြောင်းလုပ်သားတွေဟာ ဆက်တိုက်ဆိုသလို ရခိုင်ပြည်နယ်ကို ပြန်လည်လာနေကြတာဖြစ်ပြီး လမ်းခရီးအတွင်း စစ်အာဏာရှင်ရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။
ရန်ကုန်ကနေ ရခိုင်ကိုပြန်လာသူတွေဟာ ပွဲစားတွေနဲ့တဆင့် သွားလာကြရတာဖြစ်ပြီး ပွဲစားတွေက လမ်းခရီးအတွက်ပဲ အာမခံပြီး နိုင်ငံရေးနဲ့မလွတ်ကင်းတဲ့ တခုခုတွေ့ရှိသွားရင်တော့ တာဝန်မယူ ကြဘူးလို့ မလေးရှားက ပြန်လာတဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“၂၀၂၃ ခုနှစ် စစ်တပ်က လမ်းပိတ်လိုက်ကတည်းက ပွဲစားတွေနဲ့သွားလာရတာ။ ပွဲစားတွေနဲ့ သွားတယ်ဆိုပေမဲ့လည်း သူတို့တွေက သွားလာဖို့လမ်းကြောင်းလောက်ပဲ စီစဉ်ပေးတာ။ လမ်းမှာ နိုင်ငံရေးနဲ့ဆက်နွှယ်တဲ့ကိစ္စတွေကြောင့် ဖမ်းဆီးရင် သူတို့လည်း တာဝန်မယူနိုင်ဘူး။ အဲဒီဟာကြောင့် နိုင်ငံခြားကဖြစ်ဖြစ်၊ ပြည်မကဖြစ်ဖြစ် ရခိုင်ကိုလာမယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းတွေကို စိစစ်ပြီးမှ ဆင်းလာစေချင်တယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်ဟာ ၂၀၂၃ နိုဝင်ဘာလကတည်းက ရခိုင်ကို ကုန်းလမ်း၊ ရေလမ်း အားလုံး ပိတ်ဆို့ ထားတာဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်လောက်ကိုပဲ လေကြောင်းကတဆင့် သွားလာလို့ ရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးတာကြောင့် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသား အမျိုးသမီးတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ မလေးရှား အပါဝင် ပြည်ပနိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် သွားရောက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။











