ကိုဆိုဗို သမ္မတဟောင်း ဟာရှင် သာချီကို လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ အပြစ်ရှိကြောင်း သည်ဟိဂ်မြို့မှာရှိတဲ့ ကိုဆိုဗို စစ်ရာဇဝတ်ခုံရုံးက စက်တင်ဘာ ၁၆ ရက်မှာ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ သာချီဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဆားဘီးယားနိုင်ငံထံကနေ ခွဲထွက်ဖို့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ကိုဆိုဗို လွတ်မြောက်ရေးတပ်မတော် (KLA) ရဲ့ ထိပ်တန်းစစ်သေနာပတိအဖြစ် တာဝန်ယူချိန်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြစ်မှုတခုချင်းစီအလိုက် သီးခြားပြစ်ဒဏ်တွေ သတ်မှတ်ခဲ့ပြီးမှ စုစုပေါင်းပြစ်ဒဏ်အဖြစ် အမှုရင်ဆိုင်ချိန် ဖမ်းဆီးခံခဲ့ရတဲ့ကာလတွေကို နုတ်ပယ်ပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ကြောင်း တရားသူကြီး ချားလ်စ် စမစ်က ဖတ်ကြားခဲ့တာပါ။
ပဋိပက္ခအတွင်း KLA တပ်ဖွဲ့တွေရဲ့ နိုင်ငံရေးပြိုင်ဘက်တွေနဲ့ ဆားဘီးယား လုံခြုံရေးတပ်ဖွဲ့တွေကို ကူညီတယ်လို့ ယူဆရသူ ၉၆ ယောက်ကို သတ်ဖြတ်မှု၊ လူပေါင်း ၃၈၅ ယောက်ကို တရားမဝင် ဖမ်းဆီးမှု၊ လူ ၃၀၃ ယောက်ကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူ ၅၀ နီးပါးအပေါ် ရက်ရက်စက်စက် ပြုမူမှုတို့နဲ့ သူ့ကို ပြစ်ဒဏ်ချခဲ့တာဖြစ်ပြီး ခုံရုံးကတော့ သာချီဟာ “ပြစ်မှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အားပေးအားမြှောက်ပြုခဲ့တယ်” လို့ ဆိုပါတယ်။
တရားသူကြီးက စီရင်ချက်ဖတ်ကြားချိန်မှာ သာချီက ငြိမ်သက်စွာ မတ်တပ်ရပ် နားထောင်ခဲ့ပြီး သူ့ဘက်ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။
ဒီစီရင်ချက်ကို ကိုဆိုဗိုနဲ့ ဆားဘီးယားနိုင်ငံတွေက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာပါ။
၁၉၉၈-၉၉ ပဋိပက္ခရဲ့ အမွေဆိုးနဲ့ ၂၀၀၈ ခုနှစ် ကိုဆိုဗိုရဲ့ လွတ်လပ်ရေးကြေညာမှုတို့ဟာ ကိုဆိုဗို အယ်လ်ဘေးနီးယန်းတွေနဲ့ ဆားဘီးယားလူမျိုးတွေကြား တင်းမာမှုတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
သာချီဟာ ကိုဆိုဗို အယ်လ်ဘေးနီးယန်း အတော်များများအတွက် ကြည်ညိုလေးစားရသူ ဖြစ်နေဆဲဖြစ်ပြီး ဒီခုံရုံးကတော့ ကိုဆိုဗိုမှာ လူအမုန်းဆုံးအဖွဲ့ ဖြစ်နေပါတယ်။
သည်ဟိဂ်မြို့ရှိ ခုံရုံးအပြင်ဘက်မှာ သာချီကို ထောက်ခံသူ ဒါဇင်ပေါင်းများစွာဟာ KLA အလံတွေကို ဝှေ့ယမ်းကာ သာချီရဲ့ နာမည်ကို ဟစ်ကြွေးခဲ့ကြသလို ကိုဆိုဗိုမြို့တော် ပရစ်ရှ်တီနာမှာလည်း စီရင်ချက်ကို ပရိုဂျက်တာ စခရင်အကြီးကြီးနဲ့ စောင့်ကြည့်နေကြတဲ့ လူထောင်ပေါင်းများစွာဟာ လှောင်ပြောင် ကြွေးကြော်ခဲ့ကြပြီး တချို့က မျက်ရည်ကျ ငိုကြွေးခဲ့ကြပါတယ်။
မြို့ပေါ်ရှိ ဆိုင်းဘုတ်တခုမှာဆိုရင် “ပြည်သူတွေရဲ့ နာမည်နဲ့ သင်တို့ကို အပြစ်မရှိကြောင်း ကြေညာလိုက်တယ်” လို့ ရေးသားထားတာတွေ့ရပြီး ဆန္ဒပြပွဲတွေ အကြမ်းဖက်မှုဘက် ကူးပြောင်းသွားခဲ့ရင် ထိန်းသိမ်းဖို့အတွက် နိုင်ငံခြား ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters











