
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက လူငယ်တွေနဲ့ ပြည်သူတွေကို အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ရမယ်လို့ လိမ်လည်ဖြားယောင်းပြီး လူကုန်ကူးမှု အပါအဝင် အလုပ်အကိုင်ဆိုင်ရာ ဥပဒေချိုးဖောက်မှု ၃၅ ကို ၂၀၂၆ ခုနှစ်၊ ပထမ ၇ လအတွင်း အရေးယူထားတယ်လို့ အာရက္ခ မှုခင်းနဲ့ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်ရဲ့ ဖြတ်လေးဖြတ် ပိတ်ဆို့မှု၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးကျပ်တည်းမှုကို အခွင့်ကောင်းယူပြီး လူကုန်ကူးပွဲစားတွေဟာ ရခိုင်ပြည်သူတွေကို ပြည်ပမှာအလုပ်အကိုင်ရမယ်လို့ လိမ်လည်ပြီး ငွေကြေးအဆမတန်တောင်းကာ ခေါင်းပုံဖြတ် လူကုန်ကူးတာတွေရှိလာနေတယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူတော်လှန်ရေး အစိုးရအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးကတည်းက ရခိုင်ပြည်တွင်း ပြည်သူတွေအနေနဲ့ အရွယ်ရောက်ရင် စစ်မှုတာဝန်ထမ်းဆောင်ရမှာဖြစ်လို့ လူငယ်တွေကို ဒေသတွင်းက ထွက်ခွာခွင့်ကို ပိတ်ပင်ထားဆီးထားပါတယ်။
အဲဒီ NDEP ပြဋ္ဌာန်းချက်ကို ရှောင်ရှားနိုင်ဖို့အတွက် တချို့ရခိုင်ပြည်သူတွေဟာ လူကုန်ကူး ပွဲစားတွေနဲ့ ရခိုင်ပြည်နယ်ပြင်ပကို ဆက်တိုက်ထွက်ခွာနေပြီး အိမ်နီးချင်း တရုတ်၊ ထိုင်း၊ စတဲ့ နိုင်ငံတွေမှာ လူကုန်ကူးသူတွေရဲ့ ရောင်းစားခံရတာ၊ နိုင်ငံအစုံမှာ ဒုက္ခမျိုးစုံရောက်နေတာကို ဆက်တိုက်တွေ့မြင်နေရတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
လူကုန်ကူပွဲစားတွေနဲ့ ဆက်သွယ်ပြီး ရခိုင်ပြည်နယ်အတွင်းက ထွက်ခွာဖို့ ကြိုးစားနေသူတွေကိုလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ ဖမ်းဆီးမိရင် ပြည်သူ့စစ်မှုထမ်း အကျုံးဝင်သူတွေကို စစ်မှုတာဝန်ထမ်းဆောင်စေပြီး ကင်းလွတ်ခွင့်ရှိသူတွေကို ပြစ်ဒဏ်ပေးကာ ပြန်လွှတ်ပေးနေတာတွေ ရှိတယ်လို့ AA က ပြောထားပါတယ်။
ဒါ့အပြင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေတွေကို ချိုးဖောက်ကျူးလွန်ထားတဲ့ လူကုန်ကူးပွဲစားတချို့ကိုလည် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်ချမှတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဒီလပ်ဌာနအနေနဲ့ လူကုန်ကူးမှုတားဆီးနှိမ်းနင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း လူကုန်ကူးမှုနဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ အမှုပေါင်း ၃၅ မှုကို အရေးယူထားပြီး လူကုန်ကူးမှုပပျောက်ရေးအတွက် မဟာမိတ်နယ်မြေတွေမှာပါ ပူးပေါင်လက်တွဲပြီး ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် လူငယ်တွေနဲ့ ပြည်သူ့တချို့ဟာ ပွဲစားတွေနဲ့ ရခိုင်ပြည်ပြင်ပကို ခိုးထွက်မှုတွေကြောင့် စစ်အာဏာရှင်တပ်ဆီမှာ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိလာသလို ရောင်းစားခံရမှုတွေလည်း ရှိလာတာကြောင့် ဥပဒေအရ တားမြစ်ပြီး အရေးယူလာတာလို့ ULA နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“NDEP ကို အကြောင်းပြပြီး ရခိုင်လူငယ်တွေ ပြည်မကို ထွက်ခွာလို့ စစ်တပ်ထံမှာ နေ့တိုင်းနီးပါး ဖမ်းဆီးခံနေကြရတာ ရှိတယ်။ နောက် ပွဲစားတွေရဲ့ အလုပ်အကိုင်ရရှိမယ်လို့ ဖြားယောင်းမှုတွေကြောင့်လည်း လူကုန်ကူးခံရပြီး ပြည်ပနိုင်ငံတွေမှာ ဒုက္ခရောက်နေသူတွေ အများကြီးပဲ။ အဲဒီဟာကို ကာကွယ်ဖို့ ၂၀၂၅ ခုနှစ် ကတည်းက ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ရခိုင်ပြည် ပြင်ပကို ထွက်ခွာခွင့် အစိုးရက ကန့်သတ်ထားတာရှိတယ်။ အဲဒီ တည်ဆဲဥပဒေတွေကို ချိုးဖောက်ကျူးလွန်တဲ့ ပွဲစားတွေကို ပြစ်ဒဏ်ချမှတ်တာတွေရှိသလို လူငယ်တွေကိုလည် ထိုက်သလို NDEP စစ်မှုထမ်းခိုင်းတာတွေ ရှိတယ်။ NDEP ကင်းလွတ်ခွင့်ရှိသူတွေ ဆိုရင်တော့ ပြန်လွှတ်ပေးတယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ် မတ် ၁၈ ရက်နေ့ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေ (NDEP)ကို ပြဋ္ဌာန်းထားတာဖြစ်ပြီး လူငယ်တွေ၊ ပြည်သူတွေကို ပြည်မနဲ့ ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားပြီး ဆေးကုသဖို့ သွားလိုသူတွေကို သွားလာခွင့် ပြုထားတာဖြစ်ပါတယ်။
လူကုန်ကူးခြင်းဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတို့မှာ ခေတ်သစ်ကျေးကျွန်ပြုခြင်းလို့ သတ်မှတ်ထားပြီး လူကုန်ကူးခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြာထားပါတယ်။
လူကုန်ကူးခံရသူတွေဟာ ကလေးသူငယ်၊ လူငယ်ဖြစ်နေရင် ဒါမှမဟုတ် ကြီးလေးတဲ့ ထိခိုက်နစ်နာမှု၊ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရင် ထောင်ဒဏ်တသက်တကျွန်းကနေ အမြင့်ဆုံးပြစ်ဒဏ်တွေအထိကို ချမှတ်နိုင်ပြီး လူကုန်ကူးမှုနဲ့ အရင်ပြစ်ဒဏ်ချမှခံရဖူးရင် ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခံရမယ်လို့ ဆိုထားပါတယ်။
ပြစ်ဒဏ်ချမှတ်ရေး လုပ်ဆောင်နေတုန်းမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တရားရုံးတွေ ပုံမှန်မလည်ပတ်နိုင်ဘဲ ကြန့်ကြာမှုတွေရှိနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအထဲက ကျန်းမာရေးမကောင်းသူအချို့ ထိခိုက်သေဆုံးတာ နည်းနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။











