
အမေရိကန်-အီရန် မူဘောင်သဘောတူညီချက်ထဲမှာ အီရန်နိုင်ငံမှာ ဒေါ်လာ ၃၀၀ ဘီလီယံ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်ရေးပါဝင်ပြီး အဲဒီပမာဏ ထက်ဝက်ကျော်အတွက် ထည့်ဝင်ဖို့ ကတိကဝတ်တွေ ရထားပြီးဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒီရန်ပုံငွေဟာ စစ်ပွဲအဆုံးသတ်ရေး အပြီးသတ်သဘောတူညီချက် ချုပ်ဆိုဖို့ နှစ်ဖက်စလုံးအတွက် စီးပွားရေး မက်လုံးပေးဖို့ ရည်ရွယ်ထားတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ရိုက်တာကို အတည်ပြုပါတယ်။
ဇွန် ၁၉ ရက်မှာမှ ဝါရှင်တန်နဲ့ တီဟီရန်တို့ လက်မှတ်ထိုးမှာဖြစ်တဲ့အတွက် အသေးစိတ်ကို မထုတ် ပြန်ရသေးတာ ဖြစ်ပါတယ်။
မူလကတည်းက ဒီရန်ပုံငွေရှိတယ်လို့ သတင်းထွက်နေခဲ့တာဖြစ်ပြီး အဲဒီပမာဏ ထက်ဝက်ကျော် ထည့်ဝင်မဲ့သူတွေ ရထားပြီဆိုတာ ရိုက်တာက ထပ်အတည်ပြုတာ ဖြစ်ပါတယ်။
ဒီရန်ပုံငွေထဲမှာ အစိုးရဘဏ္ဍာငွေတွေ မပါဝင်ဘဲ အမေရိကန်၊ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေ၊ အာရှ၊ တောင်အမေရိကနဲ့ အာဖရိကမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒါပေမဲ့ အီရန်အနေနဲ့ နျူကလီးယားအစီအစဉ်တွေကို ဖျက်သိမ်းရမယ်ဆိုတဲ့ အမေရိကန်ရဲ့ သတ်မှတ်ချက်တွေကို လိုက်နာမှသာ ဒီရန်ပုံငွေကို သုံးစွဲခွင့်ရမှာပါ။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း ဇွန် ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အခု အချက်ကို အတည်ပြုထားပါတယ်။
လတ်တလော ရက် ၆၀ ကြာ ဆွေးနွေးမဲ့ ကာလမှာတော့ အီရန်အနေနဲ့ ရေနံတွေကို လွတ်လွတ် လပ်လပ် ရောင်းချခွင့် ရရှိပါလိမ့်မယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဒီ ပဏာမသဘောတူညီချက် စာချုပ်ကို ဇွန် ၁၉ ရက် လက်မှတ် ထိုးပြီးချိန်မှာ ထုတ်ပြန်သွားမယ်လို့ ဇွန် ၁၆ ရက်မှာ ပြောထားပါတယ်။
ဒီရန်ပုံငွေဟာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု သီးသန့်ဖြစ်ပြီး စစ်လျော်ကြေး စီမံကိန်းမျိုး မဟုတ်သလို ဘယ်အစိုးရငွေ၊ ထောက်ပံ့ကြေးမှ မပါဘူးလို့ ဆိုပါတယ်။
အစောပိုင်းမှာ အီရန်က အမေရိကန်ဆီကနေ စစ်လျော်ကြေး ဒေါ်လာ ၄၀၀ ဘီလီယံအထိ တောင်းဆိုခဲ့ပေမဲ့ အမေရိကန်က ငြင်းဆိုခဲ့ပါတယ်။ ဒီရန်ပုံငွေကို ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေလို့ ခေါ်ဆိုမယ်လို့လည်း သိရပါတယ်။
Source: Reuters











