DVB Logo
Home
မြန်မာသတင်း
သထုံတွင် ငွေစက္ကူအတုများဖြင့် ဘဏ်ဝန်ထမ်းတဦးကို ဖမ်းမိ
DVB
·
May 13, 2017
သထုံတွင် ငွေစက္ကူအတုများဖြင့် ဘဏ်ဝန်ထမ်းတဦးကို ဖမ်းမိ
Donate to DVB

မွန်ပြည်နယ် သထုံမြို့မှာ မေလ ၁၂ ရက်နေ့ညက ဘဏ်ဝန်ထမ်းတဦးကို ငွေစက္ကူအတုတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။

“လူငယ်တဦး ငွေစက္ကူအတုနဲ့ လိုက်သုံးနေတယ်လို့ သတင်းရလို့ ပုံစံကိုမေးမြန်းပြီး မြို့ထဲမှာ စောင့်ဖမ်းတာ။ သူက သထုံကမဟုတ်ဘူး၊ ဘားအံက၊ ကမ္ဘောဇဘဏ်ဝန်ထမ်း။ ငွေစက္ကူတွေကို ကာလာပရင်တာနဲ့ ထုတ်ပြီး မိတ္တူကူပြီး ဒီမှာလာသုံးတာ၊ သူတည်းခိုတဲ့ တည်ခိုခန်းအခန်းထဲမှာ ငွေစက္ကူအတုတွေမိတယ်၊ နောက်သူသထုံကိုလာတဲ့ အချိန်မှာ လမ်းက သစ်သီးဆိုင်မှာ ဝယ်ခဲ့တဲ့ ငွေစက္ကူအတုကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းထားပါတယ်''လို့ သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ ရဲအုပ် အောင်သူက ပြောပါတယ်။

ဖြစ်စဉ်မှာ သထုံခရိုင်မှုခင်းနှိမ်နင်းရေး အကူဌာနမှတပ်ဖွဲ့ဝင်တွေ လှည့်ကင်း ဆောင်ရွက်နေချိန် လူငယ်တဦးဟာ ဆိုင်ကယ်တစ်စီးနဲ့ ငွေစက္ကူအတုတွေ  သုံးစွဲနေကြောင်း သတင်းအရ မော်လမြိုင် ရန်ကုန်ကားလမ်းပေါ်ရှိ စိုးမိုးသူ ကားလက်မှတ် အရောင်းဆိုင်အနီး စောင့်ဆိုင်းနေချိန် Honda Wave ၁၀၀ ဆိုင်ကယ်နဲ့ ဖြတ်လာသူ မောင်ချစ်ကိုကိုလင်း ၂၂ နှစ်၊ ကမ္ဘောဇဘဏ်ခွဲ (၂) ဝန်ထမ်း ဘားအံမြို့နေသူအား စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် သူတည်းခိုနေတဲ့ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် တိမ်ပြာတည်းခိုခန်းကို စစ်ဆေးရာ အခန်းအတွင်း Nuoxiya စာတန်းပါ ကျောပိုးအိတ်အတွင်း အညိုရောင်စာအိတ်နဲ့ ထည့်ထားတဲ့ သုံးစွဲဖို့ အသင့်ဖြတ်တောက်ထားတဲ့ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃ ရွက်၊ A 4 စာရွက်ပေါ်မှာ ကာလာပရင်တာနဲ့ ရိုက်နှိပ်ထားပြီး ဖြတ်တောက်ခြင်းမပြုရသေးတဲ့ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၄၈ ရွက်၊ ငွေစက္ကူအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ စက္ကူဖြူဖြတ်စ ၄၂ ရွက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ကမ္ဘောဇအုပ်စုရဲ့ အကြီးတန်း စီမံခန့်ခွဲရေး မန်နေဂျာ ဦးညိုမြင့်က “သူက အလုပ်ဝင်စ အောက်ခြေ ဝန်ထမ်း အငယ်တန်းစာရေး ဖြစ်ပါတယ်။ အခုဖြစ်တဲ့ အချိန်မှာလည်း တာဝန်ချိန်ပြင်ပမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပြစ်ချက်သာ ဖြစ်ပါတယ်။ အခုလည်း အလုပ်က ထုတ်ပယ်ပြီး ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘဏ်ဝန်ထမ်းတွေကြောင့် ငွေအတုတွေ ဘဏ်ထဲကို ရောက်နိုင်သလား ဆိုတာနဲ့ပတ်သက်ပြီးလည်း ဦးညိုမြင့်က “ကျနော်တို့ ဘဏ်ဝန်ထမ်းတွေ မနက် ဘဏ်ကို စ ဝင်ကတည်းက ပြင်ပကငွေ လုံးဝယူလာလို့ မရပါဘူး။ ဘဏ်ပိတ်ရင်လည်း ဘဏ်ကငွေကို လုံးဝ အပြင်ကို ယူသွားလို့ မရပါဘူး။ ဒါက ဘဏ်ရဲ့ အသက်တမျှအရေးကြီးတဲ့၊ အားလုံး လိုက်နာရတဲ့ စည်းမျဉ်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ ချစ်ကိုကိုလင်းအား သထုံမြို့မရဲစခန်းက (ပ) ၆၄၃ /၂၀၁၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ /၁၀၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

သတင်း = ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013