
မြန်မာနိုင်ငံရဲ့ တရားမဝင်လွှတ်တော်သစ်ဟာ လာမဲ့ ၅ နှစ်တာ နိုင်ငံကိုအုပ်ချုပ်မဲ့ သမ္မတနဲ့ ဒုသမ္မတ နှစ်ဦးကို ရွေးချယ်ဖို့ ပြင်ဆင်နေပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို တရားဝင် အဆုံးသတ်လိုက်တာပဲ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ရော ၊ ပြည်သူ့လွှတ်တော်ပါ မဲပေးရွေးချယ်မှုကို အဆုံးသတ်ဖို့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ (electoral college) အဖြစ် ပူးတွဲအစည်းအဝေး ကျင်းပကြမှာပါ။
“လွှတ်တော်ထဲမှာ ဘာတွေဖြစ်နေလဲ၊ ဘယ်သူ သမ္မတဖြစ်မလဲ ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားကြပါဘူး” လို့ ရန်ကုန်မြို့က တက္ကစီဆရာတယောက်က ပြောပါတယ်။ “ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ တပ်မတော်ကပဲ ဆက်ပြီး အုပ်ချုပ်သွားမှာပါ။ ဒါက ရွေးကောက်ပွဲ မဟုတ်ဘူး၊ ရွေးချယ်ပွဲသက်သက်ပါ” လို့ သူက တွေးတွေးဆဆနဲ့ ပြောပါတယ်။
တကယ်တမ်းလည်း ဒီအတိုင်းဖြစ်မဲ့ပုံပါပဲ။ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် သမ္မတဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာ သိပ်မရှိပါဘူး။ ကန့်ကွက်မဲ့သူ ဆိုတာလည်း ရှိရင်တောင် သိပ်နည်းပါလိမ့်မယ်။ “မင်းအောင်လှိုင်က သမ္မတ၊ မြထွန်းဦးက ဒုတိယသမ္မတ-၁ နဲ့ ညိုစောက ဒုတိယသမ္မတ-၂ ဖြစ်လာပါလိမ့်မယ်” လို့ လွှတ်တော်တွင်း အဓိကပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ အမတ်တဦးက ဒီသီတင်းပတ်ထဲမှာ Bangkok Post ကို ပြောပါတယ်။
တရားဝင်ရွေးချယ်တဲ့ လုပ်ငန်းစဉ်အရ အမျိုးသားလွှတ်တော်က သမ္မတလောင်းတဦး၊ ပြည်သူ့လွှတ်တော်က တဦးနဲ့ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့ (၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းရှိပြီး မင်းအောင်လှိုင်ကချည်း ရွေးချယ်ထားသူများ) က သမ္မတလောင်းတဦး အသီးသီး အဆိုပြုကြရပါတယ်။ အဲဒီနောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ရရှိတဲ့ မဲအရေအတွက်အပေါ် မူတည်ကာ ရာထူးတွေ ခွဲဝေပေးတာ ဖြစ်ပါတယ်။
အမြင့်ဆုံး အုပ်ချုပ်ရေးရာထူး ၃ နေရာကို ရယူမဲ့သူ ၃ ဦးစလုံးဟာ စစ်အရာရှိဟောင်းတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ မြထွန်းဦးဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ကို ကိုယ်စားပြုတဲ့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်အမတ် ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီခန့် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။
ညိုစောကလည်း နိုင်ငံရေးသမားအဖြစ် ပြောင်းလဲလာတဲ့ စစ်အရာရှိဟောင်းတဦးဖြစ်ပြီး သူဟာ မနှစ်က ဇူလိုင်လမှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ (နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်) ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူပါ။
“ဒါဟာ ဘယ်လိုအပြောင်းအလဲမျိုးကိုမှ ကိုယ်စားပြုမှာ မဟုတ်ပါဘူး” လို့ ရန်ကုန်အခြေစိုက် စီးပွားရေးလေ့လာသုံးသပ်သူ ကိုမောင်က ပြောပါတယ်။ “ဒီစစ်ဗိုလ်တွေက သူတို့ရဲ့ အစိမ်းရောင်စစ်ဝတ်စုံကို အရပ်ဝတ်အဖြစ် ပြောင်းဝတ်လိုက်ရုံပါပဲ။ သူတို့ရဲ့ ဦးစားပေးတွေ၊ မူဝါဒတွေ၊ အစီအစဉ်တွေက ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး။ သူတို့က နိုင်ငံကို လုံးဝဖျက်ဆီးပစ်ခဲ့ပြီးပြီ ဖြစ်သလို ဒီလို စီးပွားရေးချောက်ကမ်းပါးကြီးထဲကနေ ဘယ်လိုပြန်တက်ရမလဲ ဆိုတာကိုလည်း ဘာမှသိကြတာ မဟုတ်ပါဘူး။”
ဒါပေမဲ့ မြန်မာ့စီးပွားရေး အသိုက်အဝန်း အများစုကတော့ မင်းအောင်လှိုင် ဦးဆောင်ပြီး လာမဲ့လမှာ တရားဝင် အုပ်ချုပ်ရေးအာဏာယူမဲ့ ဒီ “အရပ်သားတပိုင်း” အစိုးရသစ်ဟာ လူတိုင်းရဲ့အထင်ကို ချေဖျက်ပြနိုင်မလားဆိုပြီး သိပ်အကောင်းမမြင်ရင်တောင် မျှော်လင့်ချက်တော့ ထားနေကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတသိန်းစိန် အစိုးရ လက်ထက်တုန်းကလိုပေါ့။ (အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဒီမိုကရေစီအတိုက်အခံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအများစုက အတုအယောင်လို့ ပယ်ချခဲ့ကြတာပါပဲ)။
အဲဒီတုန်းက သိန်းစိန်ဟာ လက်ရှိ စစ်တပ်အုပ်ချုပ်ရေးကို ဆက်သွားမဲ့အစား ဒေသတွင်းရော ကမ္ဘာနဲ့ပါ အပြည့်အဝ ထိတွေ့ဆက်ဆံပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ချဉ်းကပ်ခဲ့ပါတယ်။ သူဟာ ကန့်သတ်ချက်တွေနဲ့အတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို မိတ်ဆက်ခဲ့ပြီး စီးပွားရေးကိုလည်း ဖြေလျှော့ပေးဖို့ ကြိုးစားခဲ့ပါတယ်။
အရေးအကြီးဆုံးကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်စေမဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါဟာ အခက်အခဲတွေများပြီး စမ်းသပ်မှုသက်သက်လို ဖြစ်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခေတ်သစ်တခုကို အစပြုနိုင်ခဲ့ပါတယ်။ အဲဒီခေတ်သစ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က မင်းအောင်လှိုင် အာဏာသိမ်းလိုက်ချိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရတာပါ။
မင်းအောင်လှိုင် သမ္မတဖြစ်လာမဲ့ကိစ္စအပေါ် အထူးသဖြင့် နိုင်ငံတကာက အကြီးအကျယ် သံသယဝင် စိုးရိမ်နေကြပါတယ်။ ဒီရာထူးဟာ ၂၀၁၅ ခုနှစ်တုန်းက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြို အနိုင်ရပြီး အစိုးရဖွဲ့ကတည်းက သူ လိုလားတောင့်တခဲ့တဲ့ ရာထူးတခုပါ။
စစ်တပ်အကြီးအကဲကနေ သမ္မတအဖြစ်ကို သူ့သဘောနဲ့သူ ပြောင်းလဲတာဟာ အာဏာဆက်လက် ချုပ်ကိုင်လိုပြီး တရားဝင်မှု တစုံတရာ ရှာဖွေလိုတဲ့ အာဏာရှင်တွေရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် နည်းဗျူဟာတခု ဖြစ်ပါတယ်။
“မင်းအောင်လှိုင်မှာ အာဏာခွဲဝေဖို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ခွင့်ပြုပေးဖို့၊ ဒါမှမဟုတ် စီးပွားရေး ဖြေလျှော့ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး” လို့ အမည်မဖော်လိုတဲ့ မြန်မာပညာရှင်တဦးက ပြောပါတယ်။ “သူက ဘယ်သူ့ကိုမှ မယုံဘူး၊ အထူးသဖြင့် သူ့ပတ်ဝန်းကျင်က လူတွေကိုပေါ့။ အဲဒါကြောင့်မို့လို့ သူက အရာအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားရတာပါ။”
“ကျနော်တို့ မင်းအောင်လှိုင်နဲ့ ဘယ်တော့မှ စေ့စပ်ဆွေးနွေးမှာ မဟုတ်ပါဘူး၊ သူ့လက်တွေမှာ သွေးတွေ အရမ်းစွန်းထင်းနေပါပြီ” လို့ ဒေါက်တာဆာဆာက ပြောပါတယ်။ အတိုက်အခံ ပြိုင်ဘက်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေါက်တာဆာဆာဟာ အခုအခါမှာတော့ “True Choice Myanmar” ကို မြှင့်တင်ပေးနေတဲ့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်စတီကျု (Institute for Peace and Federal Democracy) ဆိုတဲ့ ကိုယ်ပိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဦးဆောင်နေပါတယ်။ သူ့ရဲ့အမြင်ဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ အပြောင်းအလဲကို လိုလားနေတဲ့ တော်လှန်ရေးလှုပ်ရှားမှုရဲ့ ပုံမှန်အမြင်ကို ထင်ဟပ်နေပါတယ်။
သမ္မတဖြစ်လာခြင်းအားဖြင့် မင်းအောင်လှိုင်ဟာ အပြောင်းအလဲအတွက် ပြယုဂ်ဖြစ်လာတာ မဟုတ်သလို နိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုဆွေးနွေးမှုမျိုးနဲ့မဆို ဖြေရှင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ပိုမပေးနိုင်ပါဘူး။ အထူးသဖြင့် အာဆီယံ ဒေသတွင်း အဖွဲ့အစည်းနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း အေးခဲနေဆဲပါပဲ။
ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ သေချာဂရုတစိုက် ပုံဖော်ထားပုံရပါတယ်။ ဘန်ကောက်က နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံဖို့ ပြင်ဆင်ထားပါတယ်။ ဒါဟာ ထိတွေ့ဆက်ဆံမှုသာဖြစ်ပြီး အသိအမှတ်ပြုတာတော့ မဟုတ်ဘူးလို့ ထိုင်းအစိုးရ သတင်းရင်းမြစ်တခုက ဆိုပါတယ်။ အာဆီယံအဖွဲ့ဝင် အများစုကလည်း ဒီချဉ်းကပ်မှုကိုပဲ သုံးစွဲလာပုံရပါတယ်။ မင်းအောင်လှိုင်ကလည်း အာဆီယံနဲ့ ထိတွေ့ဆက်ဆံဖို့ စိတ်အားထက်သန်နေကြောင်း မကြာသေးခင်က အရိပ်အမြွက် ပြထားပါတယ်။ ဒါဟာ မြန်မာအစိုးရသစ်ရဲ့ အစီအစဉ်တွေထဲမှာ ထိပ်ဆုံးက ရှိနေနိုင်တယ်လို့ အဲဒီသတင်းရင်းမြစ်ကပဲ ပြောပါတယ်။
မြန်မာ့ဇာတ်လမ်းရဲ့ နောက်တဆင့်အတွက် တရုတ်နိုင်ငံက အရေးကြီးတဲ့ သော့ချက်ကို ကိုင်ထားတယ်လို့ ဒေသတွင်းက သံတမန်တွေနဲ့ ပညာရှင်အများစုက ယုံကြည်ကြပါတယ်။ အစိုးရသစ်ကို ကြေညာပြီးပြီးချင်း ဧပြီလနှောင်းပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်ကို လာရောက်ဖို့ စီစဉ်ထားတယ်လို့ မြန်မာစစ်တပ် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပေကျင်းက “အစိုးရသစ်” ကို အသိအမှတ်ပြု အားပေးဖို့ စိတ်အားထက်သန်နေပေမဲ့ အနာဂတ်အတွက်တော့ ကြီးမားတဲ့ သံသယနဲ့ စိုးရိမ်မှုတွေ သေချာပေါက် ရှိနေပါတယ်။
တရုတ်နိုင်ငံကတော့ မင်းအောင်လှိုင်ကို အနားယူစေချင်ပြီး စစ်အရာရှိဟောင်း ဖြစ်ရင်တောင် အသိအမှတ်ပြုခံရတဲ့ အရပ်သားတယောက်ကို သမ္မတ ဖြစ်စေချင်တယ်ဆိုတာ လူသိများပါတယ်။ သတင်းတွေအရ တရုတ်က ကြံ့ခိုင်ရေးပါတီ အကြီးအကဲ ခင်ရီကို သမ္မတဖြစ်စေချင်ခဲ့တာပါ။ ဒါမှသာ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးဆီ ပြောင်းလဲတယ်ဆိုတဲ့ ထင်ရှားတဲ့ ခြေလှမ်းတရပ် ဖြစ်လာမှာမို့လို့ပါ။
ဒါကြောင့်မို့လို့ လူတိုင်းရဲ့ မျက်လုံးတွေက တရုတ်သံတမန်ရဲ့ ခရီးစဉ်နဲ့ ဒီခရီးစဉ်ကနေ ဘယ်လို ထူးခြားတဲ့ အပြောင်းအလဲတွေ ယူဆောင်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေကြမှာပါ။ တရုတ်က စစ်အုပ်စုကို လွန်ခဲ့တဲ့ ၅ နှစ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောဆိုခဲ့တာ အချိန်အတော်ကြာနေပါပြီ။ အသက် ၈၀ ကျော်အရွယ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က နေရာတခုမှာ နေအိမ်အကျယ်ချုပ် ကျခံနေရတယ်လို့ ယူဆရပါတယ်။
တရုတ်သံတမန် အဆက်ဆက်ဟာ နေပြည်တော်ကို လာရောက်ချိန်တိုင်း သူနဲ့တွေ့ဆုံဖို့ ကြိုးစားခဲ့ကြပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အတွက် ဒီတကြိမ်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြိုးပမ်းမှု အောင်မြင်ကောင်း အောင်မြင်နိုင်ပါတယ်။
လယ်ရီဂျေဂင်
Ref: Bangkok Post











