
လက်တင်အမေရိကမှာ အလုံခြုံဆုံးနိုင်ငံတွေထဲက တခုအဖြစ် ကြာရှည်ရပ်တည်ခဲ့တဲ့ ကော့စတာရီကာနိုင်ငံမှာ လူသတ်မှုတွေ ရုတ်တရက် မြင့်တက်လာခဲ့ပြီးနောက် ရာဇဝတ်ဂိုဏ်းကို အပြတ်နှိမ်နင်းဖို့ ကြိုးပမ်းမှုအဖြစ် အောက်တိုဘာ ၁၄ ရက်မှာ လုံခြုံရေးအမြင့်ဆုံးအဆင့်ရှိတဲ့ အကျဉ်းထောင်သစ်တခုကို ဖွင့်လှစ်ခဲ့ပါတယ်။
ရာဇဝတ်မှုတိုက်ဖျက်ရေး အထူးလုံခြုံရေးစင်တာ (CACCO) ဖွင့်ပွဲမှာ သမ္မတ လော်ရာ ဖာနန်ဒက်ဇ် က ကော့စတာရီကာအနေနဲ့ ရာဇဝတ်သားတွေ အုပ်ချုပ်တဲ့ထောင်မျိုး မဟုတ်ဘဲ အာဏာပိုင်တွေကသာ စီမံအုပ်ချုပ်တဲ့ အကျဉ်းထောင်မျိုး လိုအပ်နေတာ ဖြစ်ပြီး အန္တရာယ်အရှိဆုံးသူတွေကို သီးသန့် ချုပ်နှောင်ထားပြီး ထောင်အတွင်း ဆယ်စုနှစ်ချီ အာဏာ စိုးမိုးထားတာကို အပြီးသတ်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်သူတိုင်း ပြစ်ဒဏ်ခံရမှာ ဖြစ်ပေမဲ့ ကော့စတာရီကာရဲ့ အစဉ်အလာအတိုင်း အခြေခံလူ့အခွင့်အရေးတွေကို လေးစားပေးသွားမယ်လို့လည်း ပြောပါတယ်။
CACCO စင်တာကြီးဟာ အယ်လ်ဆာဗေဒိုနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းနှိမ်နင်းရေးအတွက် သမ္မတ နာယစ်ဘ်ဘူကီလီ တည်ဆောက်ထားတဲ့ ဧရာမအကျဉ်းထောင်ကြီးပုံစံအတိုင်း အတုယူ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
မြို့တော် ဆန်ဟိုဆေး အနီးမှာရှိတဲ့ ဒီအကျဉ်းထောင်ဟာ နိုင်ငံရဲ့ လက်ရှိအကျဉ်းသားဦးရေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ လူပေါင်း ၅,၁၀၀ ဆံ့ပါတယ်။
အကျဉ်းထောင်သစ်ရဲ့ အကျိုးသက်ရောက်မှုဟာ တရားစီရင်ရေးမဏ္ဍိုင်က ပြစ်မှုကျူးလွန်သူတွေကို ပိုပြီး ပြစ်ဒဏ်ချမှတ်နိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ ဖာနန်ဒက်ဇ်က ပြောပါတယ်။
သူ့အစိုးရအဖွဲ့ဟာ ရာဇဝတ်မှုဆိုင်ရာ မူဝါဒတွေနဲ့ ဘတ်ဂျက်လျှော့ချမှုတွေမှာ တရားစီရင်ရေး အာဏာပိုင်တွေနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပြီး တရားသူကြီးတွေနဲ့ အစိုးရရှေ့နေတွေကတော့ ဒီမိုကရေစီစနစ်ရဲ့ အပြန်အလှန် ထိန်းကျောင်းမှုတွေအပေါ် ဖိအားမပေးဖို့ သတိပေးထားကြပါတယ်။
တရားရေးဝန်ကြီး ဂါဘရီယယ် အာဂီလာက CACCO အကျဉ်းထောင်ဟာ ရာဇဝတ်ဂိုဏ်းတွေ ထိုးဖောက် ဝင်ရောက်ခံထားရတဲ့ အကျဉ်းထောင်စနစ်အပေါ် နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုကို ပြန်လည်ရယူဖို့ ကြိုးပမ်းမှုတရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
CACCO အကျဉ်းထောင်ဆီ ပထမဆုံး အကျဉ်းသားပြောင်းရွှေ့မှုတွေကို အောက်တိုဘာလကုန်မှာ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
Source: Reuters











