DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ ရခိုင်အမျိုးသားပါတီ တက်သင့်/မသင့် UPDJC အစည်းအဝေးရလဒ်အရ ဆုံးဖြတ်မည်
DVB
·
May 11, 2017
၂၁ ရာစုပင်လုံ ရခိုင်အမျိုးသားပါတီ တက်သင့်/မသင့် UPDJC အစည်းအဝေးရလဒ်အရ ဆုံးဖြတ်မည်
Donate to DVB

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရခိုင်အမျိုးသားပါတီ (ANP) တက်သင့်၊ မတက်သင့် UPDJC အစည်းအဝေးက ရလဒ်ကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
စစ်တွေမြို့ ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်ရုံးမှာ ရခိုင်အမျိုးသားပါတီက မေလ ၁၀ ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ)ကို တက်သင့်၊ မတက်သင့်ကိစ္စ၊ ပါတီညီလာခံ ကျင်းပမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရခိုင်အမျိုးသားပါတီ ANP တက်သင့်၊ မတက်သင့် ဆိုတာတော့ UPDJC အစည်းအဝေးက ရလဒ်ကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။

အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “အဓိကအားဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ခွင့်မရခဲ့ဘူး။ မလုပ်နိုင်သေးဘူး။ အဲဒီအပေါ်မှာ မေလ ၁၂ ရက်နေ့ UPDJC အစည်းအဝေးမှာ ပါတီဥက္ကဋ္ဌက ဆွေးနွေးပါလိမ့်မယ်။ အဲဒီလို ဆွေးနွေး ပြီးတော့မှပဲ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ရခိုင်အမျိုးသားပါတီ အနေနဲ့ ငြိမ်းချမ်းရေးညီလာခံကို ဘယ်လိုဆက်ပြီး သွားမလဲဆိုတာ ဆုံးဖြတ်ပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ထောက်ခံကြိုဆိုသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားပေမယ့် ရခိုင်အမျိုးသား အကျိုးစီးပွားကို အလွန်အမင်း ထိခိုက်လာမယ်ဆိုရင်တော့ ပါတီအနေနဲ့ ထပ်ပြီး အကျေအလည် ဆွေးနွေးဖို့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လူမျိုးကို အခြေခံတယ်။ ဒေသကို အခြေခံတယ်။ အကြောင်းအရာကို အခြေခံတယ်။ အဲဒီသုံးခုကို ဖြတ်သန်းပြီးမှ ထွက်လာတဲ့ ရလဒ်တွေကိုသာလျှင် လာမယ့် ၂၁ ရာစုပင်လုံ၊ ဒုတိယအဆင့် အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ် အတည်ပြုမယ်။ အဲဒီတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်မှာ ကျင်းပခွင့်မပြုရင် ရခိုင်တွေရဲ့အသံဟာ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ဖော်ပြနိုင်မှာ မဟုတ်ဘူး” လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း မေလ ၇ ရက်နေ့က ဒီဗွီဘီကို ဖြေကြားထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကျင်းပသေးဘဲ ဆိုင်းငံ့ထားဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ချင်းပြည်နယ် ထန်တလန်မြို့မှာ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်ပြုခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ ဦးဆောင်ကျင်းပမယ့် ဆွေးနွေးပွဲတွေကို မေလအထိ ကျင်းပခွင့် မရရှိသေးပါဘူး။

NCA လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးတဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်ဖို့ မသေချာဘဲ ဖြစ်နေပြီး ပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုသေးတယ်လို့ မေလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013