ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါအသစ် ပြန်လည်ဖြစ်ပွားလာပြီးနောက်၊ ရဝမ်ဒါအာဏာပိုင်တွေဟာ ဘူကာဗူးမြို့မှာရှိတဲ့ ရူဇီဇီဝမ်းနဲ့ ရူဇီဇီတူး နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပါတယ်။
ဂိုမာ-ဂီဆန်ရီ နယ်စပ်ဂိတ်မှာလည်း စစ်ဆေးမှုတွေကို တင်းကျပ်လိုက်ပြီး မေ ၁၈ ရက်မှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းနဲ့ ရဝမ်ဒါနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ဆက်လက်ပိတ်ထားခဲ့ပါတယ်။
ကွန်ဂိုအာဏာပိုင်တွေဟာ အီတူရီပြည်နယ်ရဲ့ ရွမ်ပါရာ၊ မောင်ဂွာလူနဲ့ ဘူးနီးယား ကျန်းမာရေးဇုန်တွေမှာ အီဘိုလာရောဂါ ပြန်လည်ခေါင်းထောင်လာတယ်လို့ ကြေညာခဲ့သလို၊ ဂိုမာမြို့မှာလည်း ကူးစက်ခံရသူတယောက် ရှိနေကြောင်း အတည်ပြုပြီးနောက်မှာ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာပါ။
ဘူကာဗူးမြို့မှာလည်း နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် ကုန်သွယ်ရေး၊ ဆေးကုသမှု၊ ပညာသင်ကြားရေးနဲ့ မိသားစုတွေဆီ သွားရောက်ဖို့အတွက် ရဝမ်ဒါနိုင်ငံထဲကို နေ့တိုင်း ဖြတ်သန်းသွားလာနေရတဲ့ ဒေသခံတွေဟာ လမ်းခုလတ်မှာ သောင်တင်နေခဲ့ကြပါတယ်။
နယ်စပ်စစ်ဆေးရေးဂိတ်တွေဟာ လူသူကင်းမဲ့ ခြောက်ကပ်နေပြီး၊ အိတ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဒေသခံတွေဟာ နယ်စပ်အတားအဆီးတွေနားမှာ စုပြုံနေခဲ့ကြပါတယ်။
ကုန်သည်တွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်သားတွေကလည်း နယ်စပ်ဂိတ်တွေ ရေရှည်ပိတ်ထားမယ်ဆိုရင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအပေါ် မှီခိုနေရတဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
ဂိုမာမြို့မှာတော့ အိမ်နီးချင်း ဂီဆန်ရီမြို့ကနေ ပြန်လာတဲ့ ဒေသခံတွေကို ဆပ်ပြာနဲ့ လက်ဆေးခိုင်းပြီး နယ်စပ်ကျန်းမာရေး အရာရှိတွေက ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပြီးမှ ကွန်ဂိုနိုင်ငံထဲကို ပြန်ဝင်ခွင့်ပြုနေဆဲ ဖြစ်ပါတယ်။
ဂိုမာမြို့ဟာ AFC/M23 လက်နက်ကိုင်တပ်ဖွဲ့တွေလက်ထဲ ကျရောက်သွားပြီးကတည်းက ဒေသခံတွေဟာ ရဝမ်ဒါနိုင်ငံအပေါ် အလွန်အမင်း မှီခိုနေခဲ့ရတာကြောင့် အခုလို စစ်ဆေးမှုအသစ်တွေက လူထုအပေါ် ဖိအားတွေ ပိုများလာစေပါတယ်။
ကွန်ဂိုနိုင်ငံသား အများအပြားဟာ ငွေကြေးဆိုင်ရာ အရောင်းအဝယ်တွေအတွက် ဂီဆန်ရီမြို့က ဘဏ်တွေကို အသုံးပြုနေရသလို၊ တခြားသူတွေကလည်း အလုပ်အကိုင်၊ ကျောင်းတက်ဖို့နဲ့ အသေးစား ကုန်သွယ်မှုတွေအတွက် နေ့တိုင်း ဖြတ်သန်းသွားလာနေကြရတာပါ။
ဒေသခံတွေကတော့ နယ်စပ်ဂိတ်တွေကို ပိတ်မဲ့အစား ကျန်းမာရေးဆိုင်ရာ တခြားနည်းလမ်းတွေနဲ့ ကူညီပေးဖို့ တောင်းဆိုနေကြပါတယ်။











