DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဈေးဝယ်ခရက်ဒစ်ကတ်မှ ငွေခိုးသည့် တရုတ်ဂိုဏ်း ဖမ်းမိ၊ ဘတ် ၂၉ သန်းကျော် ဆုံးရှုံး 
DVB
·
July 28, 2026
Photo: Chiangmai News
Photo: Chiangmai News
Donate to DVB

ထိုင်းနိုင်ငံမှာ  ဈေးဝယ်သူတို့ရဲ့ ခရက်ဒစ်ကတ်မှ အချက်အလက်တွေ ခိုးယူပြီး ဘတ် ၂၉ သန်း ကျော် သုံးစွဲခဲ့တဲ့ တရုတ်ဂိုဏ်းကို ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့  CIB က ဇူလိုင် ၂၇ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တွေဟာ UnionPay ခရက်ဒစ်ကတ်နဲ့ ပစ္စည်းအချို့တွေကို ဝယ်ယူစဉ် အချက်အလက်တွေ ခိုးယူခံရပြီး အမေရိကန်မှာ သွားရောက် သုံးစွဲထားတာ ရှိနေတယ်၊ ဒီပြဿနာကို ကူညီဖြေရှင်းပေးဖို့ တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့တော်အုပ်ချုပ်ရေးဌာနက ဆက်သွယ်လာတာကြောင့် လိုအပ်သလို စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ CIB ဗဟိုရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် နာ့ဿ်နိုင်း ဘန်းရုန်းဆင်က နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့အတူ ပူးပေါင်းလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

နစ်နာဆုံးရှုံးသူတွေ ထိုင်းနိုင်ငံမှာ ရောက်ရှိစဉ် ခရက်ဒစ်ကတ်နဲ့ ဝယ်ယူခဲ့တဲ့ ဈေးဆိုင်တွေကို အရင်စုံစမ်းတယ်၊ မသင်္ကာတဲ့ ဈေးဆိုင်မှာ ချင်းမိုင် ဆုထိပ်ရပ်ကွက်ထဲက ၂ ဆိုင်နဲ့ ဘန်ကောက် ဆာမ်ဖန်းဝုန်းနယ်မြေထဲက ၁ ဆိုင် ဖြစ်တယ်။ အဲဒီနောက် ခရက်ဒစ်ကတ်သုံး ကွန်ပျူတာ ကိရိယာတွေ စစ်ဆေးရာမှာ သစ်သီးခြောက်နဲ့ အမှတ်တရပစ္စည်းတွေ ရောင်းချတဲ့ဆိုင်ကနေ ဝယ်သူတို့ရဲ့ အချက်အလက်တွေ ခိုးယူနိုင်တဲ့ ကိရိယာတွေပါ တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

သူတို့ဆိုင်မှာ ခရက်ဒစ်ကတ်နဲ့ ဈေးဝယ်ပါက ကုန်ဈေးနှုန်းကို ၃၂ ရာခိုင်နှုန်းထိ လျှော့ပေးပြီး ဆွဲဆောင်ထားတယ်၊ အဲဒီနောက်  ဆိုင်ဝန်ထမ်းက ကတ်ကို ၂ ကြိမ် စကန်ဖတ်ပါတယ်။ တကြိမ်က ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ စက်မှာဖတ်ပြီး နောက်တကြိမ်က ကီးဘုတ်မှာ တပ်ထားတဲ့ သံလိုက်ပြားမှာ ထပ်ဖတ်တယ်။ အဲဒါက အထူးလျှော့ဈေးအတွက် သတ်သတ်ဖတ်ရတာလို့ ပြောတယ်။ ဝန်ထမ်းကတော့ အလုပ်ရှင်ခိုင်းတဲ့အတိုင်း လုပ်ရတာလို့ ပြောပါတယ်။ 

ဒါ့အပြင် စီစီတီဗွီကင်မရာကနေတဆင့် ဈေးဝယ်သူတို့ နှိပ်ခဲ့တဲ့ လျှိူ့ဝှက်သင်္ကေတပါ ရယူတယ်၊ အချက်အလက်အားလုံးကို LINE ဂရုပ့်ထံ ပို့ပေးတယ်။ အဆိုပါအချက်အလက်တွေနဲ့ ကတ်ပြန်လုပ်ပြီး ခြေရာခံရ မလွယ်ကူအောင် ငွေသုံးစွဲတာကို အမေရိကန်မှာ သွားလုပ်တယ်၊ တန်ဖိုးကြီး ဘရဲင်းတံဆိပ်ကုန်ပစ္စည်းတွေ ဝယ်ယူတယ်။ ဂိုဏ်းဝင်အချင်းချင်း မျှဝေယူငင်ကြတယ်လို့ ဆိုပါတယ်။ 

ဒီလို အချက်အလက်အခိုးခံရသူပေါင်း ၁,၂၀၀ ကျော်ရှိပြီး အားလုံးဟာ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တွေ ဖြစ်တယ်။ ဆုံးရှုံးမှု ငွေပမာဏ တရုတ်ယွမ်ငွေ ၆ သန်းကျော် (ထိုင်းဘတ် ၂၉ သန်း) ခန့်ရှိတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါဈေးဆိုင်တွေကနေ သံလိုက်ပြား တပ်ဆင်ထားတဲ့ ကွန်ပျူတာ ကီးဘုတ် ၁၁ ခု၊  ကွန်ပျူတာ ၅ လုံး၊  ကတ်ရိုက်စက်  EDC  ၃ လုံး၊ လက်ကိုင်ဖုန်း ၆ လုံး၊ IP ကင်မရာ ၁၈ လုံးနဲ့ ကင်မရာ ဆာဗာ  Server  ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

လုပ်ငန်းစဉ်အားလုံးကို အဓိက ညွှန်ကြားသူ အလုပ်ရှင်မှာ အသက် ၄၂ နှစ်ရွယ်ရှိ မစ္စတာ ချောဝ်း (CHAO) ဆိုသူ တရုတ်နိုင်ငံသား ဖြစ်တယ်။  နန်းဆောင် ဆာလိနီ (၃၃ နှစ်) ၊ ကျင်းတရား (၃၂ နှစ်) နဲ့ ထီရဖတ် (၃၂ နှစ်) တို့ကတော့  ဈေးဆိုင်တွေကို  နိုမီနီ အမည်ခံဖွင့်ပေးသူတွေ ဖြစ်ပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ၄ ယောက်ကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၆၉/၂ နဲ့  ၂၆၉/၇ အရ “ငွေသားအစားပေးချေရန် ဒါမှမဟုတ် ငွေထုတ် အီလက်ထရွန်နစ်ကတ်မှ အချက်အလက်တွေကို တုပမှု၊ ငွေခိုးမှု၊  ခိုးယူဖို့အတွက် မသမာတဲ့ နည်းလမ်းနဲ့ ကိရိယာ ဒါမှမဟုတ် ပစ္စည်းတွေ လက်ဝယ်သိမ်းဆည်းထားမှုတွေနဲ့ တရားစွဲထားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: POLICE TV / Chiangmai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013