DVB Logo
Home
မြန်မာသတင်း
အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေဟု ဦးဝင်းထိန်ပြော (ရုပ်သံ)
DVB
·
May 4, 2017
အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေဟု ဦးဝင်းထိန်ပြော (ရုပ်သံ)
Donate to DVB

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလသတင်းတွေကို အဖွဲ့အစည်းတခုက နိုင်ငံရေး မတည်မငြိမ်မှု ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။

သမ္မတဦးထင်ကျော် ကျန်းမာရေးမကောင်းလို့ ရာထူးက နုတ်ထွက်စာတင်ထားပြီး သူရဦးရွှေမန်းကို သမ္မတအဖြစ် အန်အယ်လ်ဒီက ခန့်အပ်မယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာ တွေမှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဦးဝင်းထိန်က  နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းမှာ မနေ့က သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ဦးထင်ကျော်ဟာ ကျန်းမာရေးကြောင့် အနားယူမယ့်ကိစ္စကို ကျနော်က လက်ခံလိုက်ပြီ ဆိုတဲ့ကိစ္စဟာ အတည်ပေါက်ကြီး ဒါတခု၊ သူ့နေရာကို သူရဦးရွှေမန်းနဲ့ ဟိုဟာဖြစ်တဲ့ဟာကို ဒေါ်အောင်ဆန်းစုကြည် ပြန်မလာသေးလို့ စောင့်ကြည့်နေတယ်။ စောင့်နေတယ်ဆိုတဲ့ဟာက တခု၊ နှင်းဆီစံအိမ်မှာ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ သူရဦးရွှေမန်း တက်တယ်ဆိုတဲ့ အတည်ပေါက်သတင်းပေါ့။ အဲဒါ တော်တော်လွန်လွန်သွားပြီ။ မှန်းဆကြည့်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားခရီး သွားနေတယ်။ တလောက ဖိလစ်ပိုင် သွားတယ်။ ဥရောပ သွားတယ်ဆိုတော့ ကြားထဲမှာ လစ်ဟာနေတဲ့ကာလမှာ နိုင်ငံရေး မတည်မငြိမ်မှု ဖြစ်အောင် ကြိုစားလုပ်ဆောင်နေတယ်လို့ ကောက်ချက်ချတယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

အဲဒီလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မမှန်မကန် သတင်းတွေ ပျံ့နှံ့နေပြီး အဲဒီအဖွဲ့အစည်းကို ဥပဒေအရ အရေးယူနိုင်အောင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) က စုံစမ်းစစ်ဆေးနေပြီလို့ ဦးဝင်းထိန်က ပြောပါတယ်။

အဲဒါတွေအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့နဲ့ မဖျက်သိမ်းပါက အစိုးရကို တရားစွဲဆိုသွားမယ်ဆိုတဲ့ ပြောဆိုနေမှုတွေဟာလည်း နိုင်ငံရေး မတည်မငြိမ်မှုဖြစ်အောင် လုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အစိုးရကို တရားစွဲမယ်ဆိုတာ ဘာလို့ အခုမှ သူတို့ တရားစွဲမှာလဲ။ ဦးသိန်းစိန်လက်ထက်တုန်းကရော သူတို့ တရားစွဲဖို့ မစဉ်းစားဖူးလား။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုတဲ့အချိန်မှာတုန်းက ကျနော်တို့ အန်အယ်လ်ဒီထဲကလူ၊ ကျနော်ကတော့ ထောင်ထဲမှာပေါ့။ အန်အယ်လ်ဒီက အပြင်မှာရှိနေတဲ့ လူကြီး၊ လူငယ်အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူဘူးလို့ အားလုံးက နှိုးဆော်တယ်။ မထောက်ခံဘူး။ တိုက်တွန်းတယ်။ စည်းရုံးတယ်။ သို့သော်လည်းပဲ ကျနော်တို့ စည်းရုံးတာ မအောင်မြင်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတည်ဖြစ်သွားတယ်။ အဲဒီအချိန်တုန်းက သူတို့တွေက ဘယ်မှာ ရောက်နေမှန်း ဘယ်မှာ အိပ်နေမှန်း မသိဘဲနဲ့ အခုကျမှ လုပ်တာ နိုင်ငံရေးသဘောအရဆိုရင် သဘောထားရိုးတယ်လို့ ပြောလို့ မရဘူး။”လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းဖို့အတွက် အစိုးရကို တရားစွဲမယ်လို့ ၁၉၉၀  ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအဖွဲ့က မကြာသေးခင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013