
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ကာလီမန်တန်ပြည်နယ်၊ ပါလန်ကာရာယာမြို့တဝိုက်မှာ တောမီးတွေ ဆက်တိုက်လောင်ကျွမ်းနေလို့ အင်ဒိုနီးရှား မီးသတ်သမားတွေက ဇူလိုင် ၂၉ ရက်မှာ ကြိုးစား ငြှိမ်းသတ်နေပါတယ်။
နိုင်ငံအတွင်း ရှည်လျားတဲ့ ခြောက်သွေ့ရာသီက သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပိုဆိုးလာတဲ့ ခြောက်သွေ့ရာသီဟာ မြေဧက ၅၅ ဟက်တာ ထက်မနည်းကို လောင်ကျွမ်းခဲ့ပြီး မြေဆွေးကျွန်းပေါ်က တောမီးလောင်ကျွမ်းမှု အန္တရာယ်ကို ပိုဆိုးရွားစေခဲ့တယ်လို့ ပါလန်ကာ ရာယာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက ဆိုပါတယ်။
ဇူလိုင် ၂၈ ရက်က ဒေသတွင်း မီးလောင်မှု ၁၂၀ ထိ ဖြစ်ခဲ့လို့ အစိုးရက အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အဓိကစိန်ခေါ်မှုက ရေအရင်းအမြစ်ပဲလို့ အေဂျင်စီရဲ့ အရေးပေါ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာန အကြီးအကဲ ဘာလပ် ဆီပက်က ပြောပါတယ်။
“ရေအရင်းအမြစ်တွေနဲ့ ကျနော်တို့ ပြင်ဆင်ထားတဲ့ ရေလှောင်ကန်တွေ အားလုံး ခန်းခြောက်သွားပြီ” လို့လည်း သူက ဆက်ပြောပါတယ်။
ဇွန်လတည်းက အင်ဒိုနီးရှားရဲ့ ရာသီဇုန် ၃၈ ရာခိုင်နှုန်းလောက်ဟာ ခြောက်သွေ့ရာသီထဲကို ဝင်ရောက်ခဲ့ပြီး ဇုန် ၄၇ ရာခိုင်နှုန်းကတော့ ပုံမှန်မိုးရေချိန်ထက် နည်းခဲ့တယ်လို့ မိုးလေဝသအေဂျင်စီ (BMKG) က အရာရှိ အာဒါဆီနာ ဆိုပါဟီလူဝါကန်က အခုလအစောပိုင်းမှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
အခုနှစ်ထဲမှာ အယ်လ်နီညိုရာသီဥတုပုံစံကြောင့် သက်ရောက်မှုရှိမဲ့ ခြောက်သွေ့ရာသီဟာ ဇူလိုင်လ ကနေ စက်တင်ဘာလအတွင်း တချိန်ချိန်မှာ အထွတ်အထိပ်ထိ ရောက်နိုင်တယ်လို့လည်း ပြောပါတယ်။
Source: Reuters










