
အီရန်စစ်ပွဲဂယက်ကြောင့် ထိုင်းနိုင်ငံမှာလည်း လောင်စာဆီ အကျပ်အတည်းနဲ့ ကြုံနေရချိန်မှာ တချို့ လယ်သမားတွေက လယ်ထွန်စက်အစား မိရိုးဖလာ ကျွဲ၊ နွားတွေနဲ့ ပြန်အစားထိုး လုပ်လာကြတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့နိုင်ငံ အတော်များများ လောင်စာဆီမလုံလောက်မှု ပြဿနာနဲ့ ကြုံနေရပြီး အထူးသဖြင့် လက်လုပ်လက်စား၊ လူလတ်တန်းစား ထိုင်းပြည်သူတွေရဲ့ လူမှုစီးပွားစနစ်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး ကဏ္ဍတွေမှာပါ ထိခိုက်လာပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုမှာ လူမှုဘဝနေထိုင်မှုတွေနဲ့ ပတ်သက်ပြီး Khaosod ထိုင်းသတင်းထောက်က ကွင်းဆင်းလေ့လာရာမှာ ထိုင်းအရှေ့ပိုင်း ချချိန်းဆောင်းခရိုင်ထဲမှာဆိုရင် လယ်သမားတွေက လယ်ထွန်စက်အစား မိရိုးဖလာ ကျွဲ၊ နွားတွေနဲ့ ပြန်အစားထိုး လုပ်လာကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ချချိုင်းဆောင်းမြို့နယ် ခလောင်းလုံဖိုင်အုပ်စု နယ်မြေ ၆ မှာ နေထိုင်သူ ၅၁ နှစ်အရွယ် ရွာသူ နန်းဝမ်ဏီးပလိမ်ဆုန်ဘွန်းက “အခုဆိုရင် လယ်သမားတွေက လယ်ထွန်စက်ထဲ ဆီထည့်ဖို့ အခက်အခဲ ရှိနေကြတယ်။ ဒါကြောင့် မိရိုးဖလာ ကျွဲနဲ့ ပြန်ပြီး လယ်ထွန်ဖို့ စိတ်ကူးရတယ်။ အိမ်မှာ ကျွဲမွေးမြူရေးလုပ်လာတာ အဘိုးအဘွား၊ အဖေအမေတို့ လက်ထက်ကတည်းကပါ။ ကျွဲနဲ့ အငှားလိုက် လယ်ထွန်မယ်လို့ ကြေညာလိုက်တော့ ၂ ရက်၊ ၃ ရက်အတွင်း စိတ်ဝင်စားသူတွေ ဆက်သွယ်လာကြတယ်” လို့ သတင်းထောက်ကို ပြောပါတယ်။
လယ်သမားတွေက ဈေးကြီးပြီး တန်းစီဝယ်ရတဲ့ စက်သုံးဆီအစား ဈေးသက်သာတဲ့ ရှေးရိုးစဉ်လာ ကျွဲနဲ့ လယ်ထွန်ဖို့ စိတ်ဝင်စားလာတယ်၊ ကျွဲငှားခက တလကို ဘတ် ၅,၀၀၀၊ ၆,၀၀၀ လောက်ပဲ ကျတယ်၊ လယ်ဧက အကျယ်အဝန်းနဲ့ ပို့ဆောင်ခ ခရီးအနီးအဝေးပေါ်မူတည်ပြီး ငှားခဈေးကို ထပ်မံညှိနှိုင်းကြတယ်လို့ ဆိုပါတယ်။
ကျွဲတွေဟာ အသက် ၂ နှစ်၊ ၃ နှစ်အရွယ်ဆိုရင် လယ်ထွန်နိုင်ပြီး သူ့ရဲ့ ကျွဲထီးကြီး ကျောက်ပိုင်းဖဟာဆိုရင် အမြင့် ၂ မီတာရှိကာ အလွန်သန်မာတဲ့ အကြောင်းနဲ့ လယ်ကောင်းကောင်းထွန်နိုင်တယ်လို့ နန်းဝမ်နီးက ပြောပါတယ်။
လောင်စာဆီဈေး တရိပ်ရိပ်မြင့်လာတဲ့ ခုလိုအချိန်ခါမှာ ကျွဲနဲ့ပြန်ပြီး လယ်ထွန်တာဟာ လယ်သမားတွေအတွက် ရွေးချယ်စရာလမ်းတသွယ်ဖြစ်ပြီး ဆီလည်းမကုန် အရင်းနှီးလည်း သက်သာတဲ့အပြင် မိရိုးဖလာလုပ်ငန်းထိန်းသိမ်းရာလည်း ရောက်တယ်လို့ Khaosod သတင်းမှာ ရေးသားဖော်ပြပါတယ်။
Source: Khaosod










