
အဖေနဲ့အမေ ကျနော့်ကို မွေးပြီးတဲ့နောက်ပိုင်း ဆေးရုံ၊ ဆေးခန်းကို ချောင်းပေါက်မတတ် သွားရတော့တာပဲ။ တခါတလေ အမေ ပြောတဲ့စကားတွေထဲမှာ ကျနော့်ငယ်ဘဝ နေ့ရက်တွေက အိမ်မှာ နေရတဲ့အချိန်ထက် ဆေးရုံမှာ နေရတဲ့အချိန်က ပိုများနေတယ်။
“နင်ငယ်ငယ်က အရမ်းချူချာတာပဲ၊ အဖေက ဖင်ပေါက်နေတဲ့ ဘောင်းဘီနဲ့ ဆရာမတွေရှေ့မှာ နင့်ကို ကျောပိုးပြီး ဆေးကုခဲ့ရတာ။”
တခါတခါ အမေ ပြောတဲ့စကားတွေက ကျန်းမာရေးချူချာတဲ့ ကလေးတယောက်အဖြစ်နဲ့ ဘာလို့ လူ့လောကထဲ ရောက်လာတာလဲဆိုတဲ့ အတွေးမျိုး ခဏခဏဖြစ်မိတယ်။ စာတွေ ဖတ်တာ၊ သိချင်တဲ့အရာကို လေ့လာရင်းနဲ့ နည်းနည်းလေး သိလာရတာ ကျနော့်ရဲ့ ငယ်ဘဝနေ့ရက်တွေက အစာအာဟာရ လုံလောက်အောင် မရခဲ့ဘူးဆိုတာပါပဲ။
ဆရာမကြီး နုနုရည်(အင်းဝ) ရေးတဲ့ “အနီလား၊ အဝါလား၊ အစိမ်းလား” စာအုပ်မှာ အစာအာဟာရ ချို့တဲ့လို့ ကလေးတွေ သေဆုံးသွားကြတဲ့အကြောင်းကို ရေးထားတာကို ဖတ်မိတော့ ကျနော့် ငယ်ဘဝအကြောင်းတွေကို တခုပြီးတခု ပြန်ပေါ်လာတော့တာပဲ။
Nutrition (အစာအာဟာရ)တဲ့။ ဒါ ကြားကောင်းအောင် ပြောတဲ့ စကားလုံးပါ။ တကယ်တမ်းက လုံလောက်တဲ့ အစားအသောက်မရလို့ ကျန်းမာရေးချို့တဲ့ပြီး နောက်ဆုံး သေဆုံးခြင်းကို ရောက်သွားတာ။ Nutrition ဖြစ်တာတို့၊ အစားအသောက် လုံလောက်အောင် မရတာတို့ဆိုတာ ကြားကောင်းအောင် ပြောတာပါ။ အမှန်က ငတ်လို့ သေတာပဲ။
ကျနော် အလယ်တန်းကျောင်းသားဘဝမှာ လူကြီးတွေရဲ့ ပြောစကားကို နားနဲ့ဆတ်ဆတ် ကြားခဲ့တာ မြန်မာနိုင်ငံမှာ ငတ်လို့သေတဲ့မသာ မရှိဘူးကွ။ တလုတ် တဆုပ် ဘယ်အိမ် တက်စားစား ဗိုက်တလုံးစာတော့ စားရတယ်လို့ ပြောတာ။ ဒါဟာ ကျနော့်အတွက်တော့ အထင်နဲ့အမြင် လွဲတယ်လို့ ပြောရမှာပဲ။
ကိုယ်တိုင် ငတ်လို့၊ ကျန်းမာရေးချို့တဲ့လို့ ကိုယ်ခံစွမ်းအားမကောင်းလို့ ကျန်းမာရေးချူချာပြီး ဆေးရုံ၊ ဆေးခန်းကို မကြာခဏ သွားနေရတာဆိုတော့ အဲဒီစကားက ကျနော့်အတွက်တော့ ဆန့်ကျင်ဘက်လို ဖြစ်နေတာပေါ့။
သူတို့က ဆရာမကြီးရဲ့ စာအုပ် မဖတ်ဖူးကြတာလည်း ဖြစ်နိုင်တယ်။ ကျနော်တောင် ဒီစာအုပ်ကို အခုမှပဲ ဖတ်မိတာ။ စာအုပ်ထုတ်တဲ့ သက်တမ်းကိုကြည့်ရင် ကျနော် မမွေးခင် တနှစ်က ထုတ်ခဲ့တဲ့စာအုပ်ပဲ။ ၉၀ ပြည့်နှစ်မွေးတဲ့ ကျနော်တောင် သေမင်းလက်ကနေ သီသီကလေး လွတ်လာတာလို့ ပြောလို့ရပါတယ််
ငတ်လို့သေတဲ့မသာ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒီစကားက ကလေးတွေကို မသက်ရောက်နိုင်တဲ့ စကားပဲ ဖြစ်ရမယ်။ လူ့လောကထဲကို ရောက်လာတော့မဲ့ လူတယောက်က ပထမဆုံး မိခင်ဝမ်းထဲကနေ လုံလောက်တဲ့ အစားအာဟာရမရင် နောက်ဆက်တွဲဖြစ်လာတဲ့ အကျိုးဆက်တွေက အများကြီးပဲ။ နောက်ဆုံး အသက်အန္တရာယ်ပါ ရှိနိုင်လို့ပါပဲ။
ကျနော့်ကို မျက်ပြူး လို့ ခေါ်ကြတယ်။ မျက်ပြူးအကြောင်း ပြောရင် သေရွာပြန်တယောက် ဆိုတာတော့ ဘယ်သူ သိနိုင်မှာလဲ။ ကလေးတယောက်က သွေးရိုးသားရိုး မျက်လုံးပြူးတာမျိုး ရှိနိုင်တယ်။ ဒါမှမဟုတ် မွေးရာပါ မျက်လုံးအိမ်ကျယ်တာမျိုးလည်း ဖြစ်နိုင်တယ်။
ကျနော့် မျက်လုံးပြူးရတဲ့ အကြောင်းတွေထဲမှာ သွေးရိုးသားရိုး မဟုတ်တာတွေ ရှိနေသလားဆိုတာ ပြန်ပြီးစဉ်းစားမိတယ်။ ဟုတ်တယ်လေ ကျနော့်ရဲ့ငယ်ဘဝ ပုံရိပ်တွေထဲမှာ ဆေးရုံ၊ ဆေးခန်းကို အိမ်လုပ်နေခဲ့ရတာ။
အမေက ပြောတယ်၊ နင်ငယ်ငယ်က ခေါင်းကြီးပြီး ကိုယ်သေးနေတာတဲ့။ မျက်လုံးကလည်း ပြူးလိုက်သေး ဆိုတာ အမေ ပြောတဲ့ ကျနော့်အကြောင်းတွေထဲက တစိတ်တပိုင်းပါ။
ဆင်းရဲကျပ်တည်းခြင်း အရာတွေထဲမှာ အိမ်တအိမ်မှာ မွေးလာတဲ့ ကလေးတွေကို အစာအာဟာရ လုံလောက်အောင် မကျွေးနိုင်ဘူးဆို ကျနော့်လိုပဲ ခေါင်းကြီးပြီး ကိုယ်သေးတဲ့ကလေးတွေ အများကြီးရှိနေသလား ဆိုတာ ကျနော် အတပ်မပြောနိုင်တော့ဘူး။
ဒါက ငယ်ဘဝတုန်းကပါ ဆိုပေမဲ့ အခုလို ခေတ်ဆိုးခေတ်ကျပ်ထဲမှာ အစားတလုတ်အတွက်နဲ့ ခက်ခဲနေကြချိန်မှာ ပြန်မတွေးမိတဲ့အရာတွေ ပြန်တွေးမိလာတယ်။ ပြီးတော့ ဘာဖြစ်ခဲ့တာလဲ ဆိုတာကို ဆက်စပ်ပြီး စဉ်းစားခန်းဖွင့်မိတယ်။
အဲဒီနေ့က မြင်ကွင်းကို ကျနော် ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။ မန်းကျော်အောင် ခင်ဗျား ကလေးက ဆေးရုံမှာ ကုလို့ရမှာ မဟုတ်တော့ဘူး။ နောက်ကို ဒီဆေးရုံကို ခေါ်မလာတော့နဲ့လို့ ဆရာဝန်ရဲ့ ပြောစကားက ကျနော့်နားထဲ နာဝင်ချိုစေခဲ့တာပေါ့။ အဖေကတော့ သူ့သားကို ဆေးရုံက လက်လွှတ်လိုက်ပြီဆိုတော့ ဘယ်လောက်တောင်များ ပူပန်နေမလဲဆိုတာ ကျနော် ဘယ်တွေးမိပါ့မလဲ။
အဖေ့ကျောပေါ်ကနေ နောက်ပြန်ကြည့်ပြီး ဆေးရုံက ထွက်လာခဲ့ရတဲ့ ခံစားချက်က ဘာနဲ့မှ နှိုင်းမရတဲ့ ခံစားချက်ပဲ။ အဖေ့ကျောပေါ်ကနေ ကျနော် ဆေးရုံ၊ ဆေးခန်း ခဏခဏသွားခဲ့ရတယ်။ အရွယ်ရလာတော့ အမေက အဖေကို မပြစ်မှားနဲ့၊ နင်ငယ်ငယ်က ဖင်ပေါက်နေတဲ့ ဘောင်းဘီတိုလေးနဲ့ လူမြင်ကွင်းထဲ ထမ်းပိုးပြီး ဆေးရုံကို ခေါ်သွားပေးတာလို့ အမေက ပြန်ပြောလေ့ရှိတယ်။
ပြောရရင် ဆေးရုံက နောက်ဆုံး ပြန်ထွက်လာတဲ့နေ့က အလွန်ဝမ်းသာရတဲ့ ခံစားချက်မျိုး။ ဟုတ်တယ်လေ။ ဆေးရုံပေါ်မှာ ကျနော် အကြာကြီးမနေချင်ဘူး။ ပြီးတော့ ဆရာဝန်က နှာခေါင်းပိုက်ထည့်မှာကိုလည်း ကျနော် ကြောက်တယ်။ တခြားဆေးထိုး၊ ဆေးသောက်အလုပ်ကို လုပ်ရစေဦးတော့ ဒီနှာခေါင်းထဲကို ပိုက်ထည့်တာကြီးကို ကျနော် ကြောက်နေတာ။
ကလေးတွေ ကပ်ဆိုက်တဲ့ နှစ်ကဆို ကျနော်က ဆေးရုံပေါ်မှာပေ့ါ။ ကလေးတွေ တယောက်ပြီး တယောက် ဆေးရုံပေါ် ရောက်လာတာကိုလည်း ကျနော် မြင်နေရတယ်။ ပြီးတော့ ကလေးတွေ ဘယ်လောက်တောင် များသလဲဆို ကျနော်နေတဲ့ ဆေးရုံခုတင်တလုံးပေါ်မှာ ကလေး သုံးယောက် ထားရတဲ့ အခြေအနေဖြစ်လာတယ်။
ခုတင်တလုံး ကလေးသုံးယောက် ထားတာ။ ကျနော့်ဘေးမှာ တာပါတ်ရွာက ဦးသန်းဦးရဲ့ သမီးလည်း ဆေးရုံတက်ရတယ်။ ဆရာဝန် ရှင်းပြတာတော့ ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်တာတဲ့။ မကြာပါဘူး၊ အဲဒီဦးလေးရဲ့ သမီးလည်း သေသွားတာပဲ။ ကျနော်နေတဲ့ ဆေးရုံခုတင်ပေါ်မှာ တယောက်ပြီးတယောက် သေသွားတဲ့ကလေးတွေ။ အဲဒီလိုကလေးတွေ သေသွားတာကို ကျနော် ဘယ်လိုမှ မခံစားမိဘူး။
ငယ်သေးတဲ့အရွယ်မို့ ဘာခံစားချက်မှ မရှိဘူးလို့ ပြောရင်လည်း ရမယ်ထင်ပါတယ်။ ကျနော် ကြောက်တာ နှာခေါင်းထဲ ပိုက်ထည့်မှာကိုပဲ။ အပြာဝတ်မကြီးကို အဖေက ကရင်လို ပြောတယ်။ ကျနော့်သား နှာခေါင်းပိုက်ထည့်စရာ မလိုဘူး မဟုတ်လားလို့ မေးတော့ အပြာဝတ်မကြီးက မလိုပါဘူးတဲ့။
ဆေးတော့ သောက်ရမယ်နော်။ ဆေးမသောက်ရင် သူများလို နှာခေါင်းပိုက်ထည့်ရမယ်လို့ ကျနော့်ကိုရော အဖေ့ကိုရော အပြာဝတ်မကြီးက ပြောသွားတယ်။ ဆေးရုံထဲမှာ ကလေးတွေ ကပ်ဆိုက်နေကြတာ။ သေဘေးနဲ့က နီးနီးလေးပဲ။ ကလေးမိဘတွေ အော်ငိုနေတဲ့အသံကို ကျနော့်နားထဲ ကြားရတယ်။
ဘာနဲ့တူလဲဆိုရင် ကိုဗစ်ကပ်ရောဂါဖြစ်တုန်းက ရန်ကုန်က တိုက်ခန်းတွေထဲမှာ တယောက်ယောက် သေသွားတဲ့အခါ ကယ်ကြပါဦး၊ မကယ်နိုင်တော့ဘူးလား၊ ကယ်လို့ရရင် ကယ်ကြပါဦးရှင် ဆိုတဲ့ အသံမျိုးပဲ။
ကိုဗစ်ကပ်ရောဂါကြီး မြန်မာနိုင်ငံကို ရောက်လာတုန်းက ကျနော်တို့နေတဲ့ လမ်းမှာ လူသေအလောင်းတွေကို ခဏခဏ လာလာထုတ်သွားကြတယ်။ တချို့အခန်းတွေက တယောက်ယောက် သေသွားရင် ငိုသံမကြားရဘူး။ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ လူနာတင်ကား လမ်းထဲ ရောက်လာပြီး ရုပ်အလောင်းကို သယ်သွားတော့မှပဲ လူသေတဲ့အကြောင်း သိရတာ။
ကျနော်တို့အခန်းရဲ့ အောက်ထပ်ကဆို “ကယ်ကြပါဦးရှင်။ ကယ်ကြပါဦး။ မကယ်နိုင်ကြတော့ဘူးလား” လို့ အမျိုးသမီးတယောက် အော်ငိုနေတဲ့အသံ ကြားရတယ်။ မကြာပါဘူး။ လူနာတင်ယာဉ် ရောက်လာပြီး အဲဒီအခန်းက ရုပ်အလောင်းကို သယ်ထုတ်သွားကြတယ်။
အဲဒီမြင်ကွင်းနဲ့ အဲဒီအသံတွေက ကျနော် ငယ်ဘဝတုန်းက ဆေးရုံမှာ ကြုံခဲ့၊ ကြားခဲ့ရတဲ့အသံမျိုးပဲ။ လူတယောက်ဟာ လူသေစေနိုင်တဲ့ ကပ်ရောဂါမျိုးနဲ့ ဘယ်နှကြိမ်လောက် ကြုံဖူးဖို့လိုသလဲ။ ကျနော်လည်း မပြောတတ်ဘူး။
ကိုယ့်ဘေးနားက အသီးအနှံတခုခု တဖြုတ်ဖြုတ် ကြွေကျနေသလိုမျိုး လူတွေ တယောက်ပြီး တယောက် သေသွားတာကို တသက်မှာ တခါလောက်ပဲ ကြုံဖူးရမယ်လို့ အကန့်အသတ်လုပ်လို့ ရ၊ မရတော့ ကျနော် မသိဘူး။
ဆေးရုံက လက်သင့်မခံတော့လို့ အဖေက နောက်ဆုံး ဆုံးဖြတ်ချက်တခုကို ချလိုက်တယ်။ ဘိုးတော် တယောက်ဆီကို ခေါ်သွားတာ။ အဘွားရဲ့ အကြံပေးချက်လည်း ပါတာပေါ့။ ကလေးကို ဆေးရုံက လက်မခံတော့ရင် ဘိုးတော်နာမ်ကိန်းတဲ့ သူတယောက်ဆီ ခေါ်သွားရအောင်ဆိုပြီး အဘွားက အကြံပေးလိုက်တာပဲ။
ဘိုးတော်နာမ်ကိန်းတယ် ဆိုတာ။ လူတယောက်ကို ဘိုးတော်ကပ်ရှာတာ အချိန်တိုင်း မဟုတ်ဘူး။ ဘိုးတော်ကပ်နေတဲ့အချိန်ပဲ ပြောတာ၊ ဟောတာ။ တခြားအချိန်တွေဆို သူက သာမန်လူလိုပဲ။ သူ့ဆီကို ကျနော် ရောက်တဲ့နေ့ကို ကျနော် မမှတ်မိတော့ဘူး။
ကျနော် သတိရနေသေးတဲ့နေ့က ကျနော့်ကို ငါးကင်နဲ့ ထမင်းဆီဆမ်းကို အဘွားက လက်နဲ့ ဆုပ်ဆုပ်ပြီး ကျွေးတာ။ အဲဒီနေ့က ကျနော် မမေ့နိုင်တဲ့ နေ့တနေ့ပဲ။ တခါမှ မစားဖူးတဲ့ အစားအစာတခုကို ငတ်နေတဲ့သူတယောက်ကို ချကျွေးတာ ဘယ်လောက် စားကောင်းလိုက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။
ကျနော် လူပျိုပေါက်အရွယ် ဖြစ်လာတော့ အဘွားက ဒီအကြောင်းတွေကို စကားစပ်လို့ ပြောမိကြရင် ပြန်ပြန်ပြောတယ်။ ဘိုးတော်က သမိုင်းအင်းထဲက ငါးရံ့ကိုရအောင် ရှာခဲ့။ ပြီးတော့ ငါးကို မီးကင်ဖို့ သီမယ့်သီတံက သစ်ကိုင်းတခုကို ရှာခုတ်ရတာ။ အဲဒီသစ်ပင်နာမည်တော့ ကျနော် မမှတ်မိတော့ဘူး။ ငါးရပြီ။ သီတံလည်း ရပြီဆို ငါးကို ကင်မယ့် မီးက ရှားမီး။ ရှားသားထင်းကိုလည်း ရှာရသေးတာ။ အဲဒီငါးကင်နဲ့ ထမင်းဆီဆမ်းနဲ့ ကလေးကိုကျွေးပါလို့ ဘိုးတော် ညွှန်ကြားချက်အတိုင်း ကျွေးရတာ။
အခုနေ ပြန်တွေးကြည့်တော့ လက်တွေ့ကျတဲ့ ကုနည်းနဲ့ ကုပေးတဲ့ ဘိုးတော်ပဲလို့ စိတ်ထဲ ကျေးဇူးတင်မဆုံး ဖြစ်မိတယ်။ ဒီခေတ်ဘိုးတော်တွေများ အာဟာရမပြည့်တဲ့ ကလေးတယောက်ကို ဘယ်လိုများ ကုပေးမလဲ၊ မတွေးရဲစရာပဲ။ တခါတခါတော့လဲ မတူတဲ့ တခြားရှုထောင့်ကနေ တွေးမိတယ်။ သေနေ့မစေ့သေးလို့ မသေတာဘဲ ဆိုတာပါ။
မြန်မာနိုင်ငံမှာ ဆေးဝါးမလုံလောက်တဲ့ကာလ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး။ တချို့ မွေးကင်းစ ကလေးတွေအဖို့ ကာကွယ်ဆေး အလုံအလောက်မရတာတွေလည်း ရှိလာပြန်ပါတယ်။ ကမ္ဘ့ာကုလသမဂ္ဂက မြန်မာနိုင်ငံမှာ ကလေးတွေအတွက် ကာကွယ်ဆေး အလုံအလောက် မရကြတော့ဘူးလို့လည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံက ကလေးငယ် မျိုးဆက်တခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ လက်ရှိ အကျပ်အတည်းတွေကြောင့် ခြိမ်းခြောက်ခံနေရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး မသေချာ မရေရာမှုတွေနဲ့အတူ ကြီးထွားလာတဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ဘဝ၊ သာယာဝပြောရေးနဲ့ အနာဂတ်ကို ဆိုးရွားတဲ့ အန္တရာယ်ထဲကို ရောက်ရှိစေခဲ့တယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။
အရည်အသွေးကောင်းမွန်တဲ့ အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ ဘေးကင်းလုံခြုံမှု၊ ပညာရေးနဲ့ တသမတ်တည်းကျတဲ့ စောင့်ရှောက်မှု၊ အကာအကွယ်ပေးခြင်းတို့မှာ လက်ရှိအချိန်မှာ ကလေးသူငယ်အများအပြားရဲ့ လက်လှမ်းမီနိုင်မှုထက် ကျော်လွန်နေတာကိုလည်း ထောက်ပြထားပါတယ်။
အရှေ့လာမဲ့ကာလတခုမှာ ဆေးရုံ၊ ဆေးခန်းမှာ အာဟာရမပြည့်ဝတဲ့ ကလေးတွေ တကျော့ပြန် ရောက်လာဦးမလား ဆိုတာ ရင်လေးမိတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
တာပလု










