
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဥဇဘက်ကစ္စတန်ကို ၅ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလား စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ ဒီအာရ်ကွန်ဂိုအသင်းနဲ့ အုပ်စုပထမပွဲစဉ်မှာ သရေကျခဲ့ပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပေါ်တူဂီအတွက် အရေးပါတဲ့ နိုင်ပွဲဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် သမိုင်းဝင် စံချိန်တင်ခဲ့သလို ပေါ်တူဂီသမိုင်းမှာလည်း ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါဟာ သူ့ကို ပေါ်တူဂီအသင်းအတွက် ပြဿနာလို ပြောဆိုခဲ့တဲ့ ဝေဖန်သူတွေကို နှုတ်ပိတ်သွားစေအောင် ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ပွဲစပြီး ၆ မိနစ်မှာ ပထမဆုံးဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမပြီးခင် အသင်းဖော် ဖာနန်ဒတ်စ်ရဲ့ ပေးပို့မှုကနေ ဒုတိယဂိုးကိုလည်း သွင်းယူခဲ့ကာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရွေးချယ်ချီးမြှင့်ခံခဲ့ရတယ်။
ပွဲအပြီးမှာ “ကျနော် ပြန်လာပါပြီ” လို့ ရော်နယ်ဒိုက ကြွေးကြော်ခဲ့ပြီး ဝေဖန်သူတွေ မမေ့အောင် ၂၃ နှစ်ကြာ ဒီလိုပဲ ကစားနေတာလို့ ပြောပါတယ်။
မန်ယူအသင်းဖော်ဟောင်း ဝိန်းရွန်နီကတော့ အသက် ၄၁ နှစ်မှာ ၂ ဂိုးသွင်းယူတာ မယုံနိုင်စရာကောင်းတယ်လို ချီးကျူးပါတယ်။
နည်းပြ ရော်ဘာတို မာတီနက်ဇ်ကလည်း ရော်နယ်ဒိုဟာ စံပြခေါင်းဆောင်တယောက်ဖြစ်ပြီး အသင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးသူဖြစ်တယ်လို့ ထုတ်ဖော်ပြောပါတယ်။










