DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးတောင်းသည့် အလုပ်သမားများကို အလုပ်ရှင်က စစ်တပ်နှင့်ရဲခေါ်  ခြိမ်းခြောက်
DVB
·
August 22, 2026
Photo : DVB
Photo : DVB
Donate to DVB

ရန်ကုန်ရှိ စက်မှုဇုန်တွေမှာ အခြေခံလုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်က စစ်အာဏာရှင်တပ်နဲ့ ရဲတွေကိုခေါ်ပြီး ဖိအားပေး ခြိမ်းခြောက်တာနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စစ်အာဏာရှင်လက်ထက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပေမဲ့ အလုပ်သမားတွေရဲ့ အခြေခံလုပ်အားခက တိုးမလာတာကြောင့် ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ လုပ်ခတိုးမြှင့်ပေးဖို့ စုပေါင်းတောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ၂ လအတွင်း စက်ရုံ ၄ ရုံထက်မနည်း စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။

ဒီလအတွင်း အရှေ့ဒဂုံစက်မှုဇုန်က Myanmar Silver Spring၊ Global ACE Uniform နဲ့ Yangon Oscar Fashion စက်ရုံ ၃ ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ တပြိုင်နက်တည်းနီးပါး တောင်းဆိုမှုတွေ ရှိခဲ့ပြီး၊ လှိုင်သာယာက Spring Moon Garment စက်ရုံမှာလည်း ရက်ရှည်ကြာ တောင်းဆိုခဲ့ကြပါတယ်။

လုပ်ခတိုးတောင်းတဲ့ စက်ရုံတွေမှာ အလုပ်သမားတွေကို စစ်တပ်နဲ့ ရဲခေါ်ကာ ဖိအားပေး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ စက်ရုံ အလုပ်သမတယောက် ပြောပါတယ်။

“ညီမတို့ အလုပ်သမားတွေအနေနဲ့ ဒီ ကျပ် ၇၈၀၀ နဲ့ ရက်ပေါင်း ၃၀ ကို တွက်စားလိုက်မယ်ဆိုရင် ညီမတို့ အိမ်လခနဲ့ စားစရိတ်နဲ့၊ ဆန်တပြည်တောင် အနည်းဆုံး ကျပ် ၈,၀၀၀ ရှိတယ်။ ဒါ အလယ်လတ်တန်စားရဲ့ ဆန်ဈေးနှုန်းဆိုရင်ပေါ့။ မလောက်ငှတာဖြစ်တဲ့အတွက် လုပ်ခလစာ နည်းတဲ့အတွက် အဆင်မပြေဘူး။ ဒေကြေး တိုးတောင်းတဲ့အခါမျိုးမှာ လုပ်ခလစာ နည်းတယ်၊ ဒီ ၁၀,၀၀၀ နဲ့တောင် မလောက်ငှတာ။ တလကို ဒေးကြေး ပုံမှန် ၃ သိန်းပဲ ရှိမယ်ဆိုရင် ညီမတို့အတွက် မိဘတွေဆီတောင် ပြန်မပေးနိုင်ဘူးပေါ့။ အဲတော့ ဒေကြေး တိုးတောင်းတဲ့အပေါ်မှာလည်း တိုးတောင်းတဲ့ ရုံတွေမှာဆိုရင် အလုပ်သမားတွေ ဖိနှိပ်ခံရတယ်၊ ခြိမ်းခြောက်ခံရတယ်။ စစ်တပ်တွေနဲ့ ခြိမ်းခြောက်ခံရတယ်၊ လူမိုက်တွေနဲ့ ခေါ်ပြီးတော့ ခြိမ်းခြောက်ခံရတာမျိုးတွေ လည်း လက်ရှိမှာ ကြုံတွေ့နေရပါတယ်။”

လုပ်ခတိုးတောင်းတဲ့ စက်ရုံအများစုမှာ ဒေးကြေးက ငွေကျပ် ၁၀,၀၀၀ အောက်သာ ပေးပြီး စက်ရုံတချို့က နေ့စားခ  ၇,၈၀၀ ပဲရှိတာကြောင့် အလုပ်သမားတွေဟာ  ဒေးကြေးကို ၁၃,၀၀၀၊ အချိန်ပိုကြေးကို ၂,၅၀၀ နဲ့ ရက်မှန်ကြေးကို ၅၀,၀၀၀ အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

Myanmar Silver Spring စက်ရုံမှာ နောက်ဆုံး ညှိနှိုင်းမှုအရ ဒေးကြေး ၁၁,၁၅၀ ကျပ်၊ အိုတီကြေး ၂,၂၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၃၀,၀၀၀ ကျပ် ပေးဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဒါပေမဲ့ မူလ တောင်းဆိုထားတဲ့ ပမာဏထက် နည်းတာကြောင့် အလုပ်သမားတချို့က ကျေနပ်မှု မရှိကြဘူးလို့ ဆိုပါတယ်။ 

လုပ်ခတိုး တောင်းဆိုမှုတွေဟာ လက်ရှိကုန်ဈေးနှုန်းနဲ့ အလုပ်သမားတွေရဲ့ ဝင်ငွေ မမျှတမှုကနေ ပေါ်ပေါက်လာတာလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “စစ်အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲမှာ ကုန်ဈေးနှုန်းက ၄၊ ၅ ဆ ဖြစ်လာပြီပေါ့နော်။ ဒီလို ကုန်ဈေးနှုန်း ၄၊ ၅ ဆ ဖြစ်ပေမဲ့ ကျနော်တို့ရဲ့ လုပ်ခလစာ ၄၊ ၅ ဆ တက်တာမှ မဟုတ်တာ။ အာဏာမသိမ်းခင်က ကျနော်တို့ရဲ့ လုပ်ခလစာက ၃ သိန်းဝန်းကျင် ရှိတယ်ဆိုရင် တကယ်တော့ အခု လက်ရှိ ကုန်ဈေးနှုန်းအရဆိုရင် လုပ်ခလစာက ပြည်တွင်းမှာဆိုရင်တောင် သိန်း ၂၀ လောက်ရမှ ဖြစ်တော့မှာလေ တလကို။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ လုပ်ခလစာကျတော့ နည်းလမ်းပေါင်းစုံနဲ့ လျှော့ချခံထားရပြီးတော့ တဖက်မှာ ကုန်ဈေးနှုန်းကိုလည်း မထိန်းနိုင်တာကို တွေ့ရတယ်။ အလုပ်သမားကတော့ တောင်းဆိုရမှာပဲ။ ကုန်ဈေးနှုန်းနဲ့ ညီမျှတဲ့ လုပ်ခလစာ မဟုတ်ရင် တောင်းဆိုမှာပဲ။ လူမှုဘဝနဲ့ ကိုက်ညီတဲ့ လုပ်ခလစာ မဟုတ်ရင် တောင်းဆိုမှာပဲ။ ဒါပေမဲ့ ဒီတောင်းဆိုမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်များက ဘယ်လို တာဝန်ယူ တာဝန်ခံမှုနဲ့ ဖြေရှင်းမှာလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း အထည်ချုပ်စက်ရုံ ၄ ရုံထက်မနည်း စုပေါင်းတောင်းဆိုမှုတွေ ရှိခဲ့တာဖြစ်ပြီး အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ ကုန်ဈေးနှုန်းနဲ့ လုပ်ခလစာကြား ကွာဟမှုကို ထိရောက်စွာ မဖြေရှင်းနိုင်သရွေ့ လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေ ဆက်လက်ပေါ်ပေါက်နေဦးမယ်လို့ သုံးသပ်နေကြပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013