
တူရကီနဲ့ အီရန် ပြည်ထဲရေးဝန်ကြီးတွေဟာ ၂ နိုင်ငံလုံးမှာရှိတဲ့ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေကို ဖျက်သိမ်းဖို့ကိစ္စ အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှု တားဆီးရေး၊ မှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ စက်တင်ဘာ ၁၆ ရက်က အန်ကာရာမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
အစည်းအဝေးမှာ တူရကီဝန်ကြီး မူစတာဖာ ချစ်ဖ်ချီက သူတို့ ဝန်ကြီးဌာန နှစ်ခုကြား နယ်ပယ်မျိုးစုံမှာ ပူးပေါင်းဆောင်ရွက်နေကြသလို PKK (ကာဒ်ဒစ်စတန် အလုပ်သမားပါတီ) နဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေချိန်မှာပဲ အမည်အမျိုးမျိုး၊ ဒေသအသီးသီးနဲ့ လှုပ်ရှားနေတဲ့ တခြား PKK လက်ဝေခံ ကာ့ဒ်အဖွဲ့အသီးသီး ဖျက်သိမ်းသွားမဲ့ ဖြစ်စဉ်ကိုလည်း အထူးဂရုစိုက် စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။
တူရကီနဲ့ ငြိမ်းချမ်းရေး မယူချင်တဲ့ PKK အဖွဲ့ဝင်တွေအနေနဲ့ အီရန်-ကာ့ဒ် လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ PJAK ထဲ သွားမပူးပေါင်းနိုင်အောင်လို့ အဲဒီ PJAK အဖွဲ့ကို ဖျက်သိမ်းဖို့ လိုအပ်ကြောင်း နှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ တူရကီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တူရကီ၊ အီရန်၊ အီရတ်နဲ့ ဆီးရီးယားတို့ ပူးပေါင်းပြီး အဖြေရှာဖို့လိုကြောင်းနဲ့ PKK၊ PJAK နဲ့ သူတို့ရဲ့ လက်ဝေခံအဖွဲ့အားလုံး ဖျက်သိမ်းဖို့ လိုအပ်တယ်လို့ အီရန်ဝန်ကြီး အက်စ်ကန်ဒါ မိုမေနီက ပြောခဲ့ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
NATO အဖွဲ့ဝင်နဲ့ အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တူရကီဟာ အီရတ်အခြေစိုက် တရားမဝင် PKK လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးရရှိဖို့ လက်ရှိမှာ ဆောင်ရွက်နေတာပါ။
ဒါ့အပြင် အန်ကာရာ အစိုးရဟာ ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တွေကို ဆီးရီးယားနိုင်ငံရဲ့ အစိုးရ ယန္တရားအတွင်း ပေါင်းစည်းပါဝင်လာရေးကိုလည်း ထောက်ခံထားပါတယ်။
Source: Reuters











